Saturday, April 28, 2007

Tag = ထူးခြားချက်များ


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ ညလေး ဖြစ်ပါတယ်။

“Tag” ရမယ်တဲ့ ဘာမှန်းလဲ မသိ ဘယ်သူ စတဲ့ဇာတ်လမ်း မှန်းလဲ မသိ “မီးခိုးကြွက်လျှောက်” မလိုက်နိုင်တော့လဲ မှီရာကနေပဲ အမြန်ကားစီးပြီး လိုက်တော့မယ်။ ကိုယ့်ရဲ့ ထူးခြားချက်တွေကို ပြောပေးရမယ်တဲ့။ အင်းးးး ပြီးရင်လဲ ဘယ်သူ့ကို ပြန် “Tag” ရင်ကောင်းမလဲ စဉ်းစားရဦးမယ်။ တော်တော်ရှုပ်တာပဲ။ ဘာပဲဖြစ်ဖြစ် ဒီလိုလူမျိုးတွေကို သူငယ်ချင်း တော်ထားတော့လဲ ဘုမသိ ဘမသိနဲ့ “Tag” ရတော့မှာပေါ့လေ။

(၁) အိပ်ရင် ဘယ်တော့မှ မယောင်တတ်ဘူး (ထင်တာပါ၊ ယောင်ချင်လဲ ယောင်မှာပေါ့နော့)၊ အိပ်မက် မက်ရင်လဲ နိုးလို့ မျက်လုံးနှစ်လုံး ဖွင့်လိုက်တာနဲ့ အဲ့ဒီအိပ်မက်ကို အစတောင် ပြန်ကောက်လို့ မရတော့ဘူး (မှတ်ဉာဏ် ကောင်းပုံများ)။ ဒါ့ကြောင့် အမေဆို နှစ်လုံးထီထိုးရင် ဘယ်တော့မှ ဘာမက်လဲ မမေးပါ။ :P

(၂) တခုခုကို စိတ်ပါဝင်စားစွာ လုပ်နေရင် အနားမှာ တယောက်ယောက် လာရှုပ်တာမကြိုက်ပါ။ ဥပမာ- ထမင်း၊ ဟင်း ချက်ပြုတ်နေချိန်မှာ လာကူရင် သိပ်စိတ်ဆိုးပေါ့ (အမေတောင် အနားနေလို့မရဘူး၊ လက်ရှုပ်လို့)။

(၃) ဘယ်တော့မှ မီးဖိုချောင်မှာ အမှိုက်တွေ ရှုပ်ပွနေရင် ဟင်းဝင်မချက်ပါ။ ချက်တော့မယ်ဆိုရင်လဲ အရင်ဆုံး သေချာ ပြောင်နေအောင် တိုက်ချွတ်ဆေးကြော ပြီးမှ ချက်တတ်တယ် (အိုးခွက်၊ ပန်းကန်ကအစ ဆေးရင်းနဲ့ တနေကုန်တာပဲလေ)။ :D

(၄) သူတပါး စိတ်ဆိုးတာ၊ မကျေနပ်တာ၊ အဆုံးစွန် ဒေါသထွက် နေရင်တောင်မှ လာမပြောရင် မသိပါ (ပြောပြကြနော်၊ ငါတော့နင့်ကို စိတ်ဆိုးနေတယ်၊ စိတ်ကောက်နေတယ်လို့)။ :)

(၅) နှစ်သက်စွာ ၀ယ်ယူထားသည့် ပစ္စည်းများဆို သူတပါးလာကိုင်လျှင်ပင် မကြိုက်တတ်ပါ။ မသိအောင်ယူသုံး လို့ကတော့ ဒေါသချောင်းချောင်း ထွက်ပြီမှတ်။ ဥပမာ- စာအုပ်လှလှလေးတွေ၊ ဘောလ်ပင်လှလှလေးတွေ၊ အဆိုးဆုံးကတော့ လေးတန်းလောက်တုန်းက မုန့်ဖိုးစုပြီး ၀ယ်ဖြစ်တဲ့ ကြောက်ရုပ် အဖြူနဲ့ အနက်လေးရယ် ဘောလုံးလေးရယ်၊ တထုပ်မှာ တစုံပါတဲ့ ခဲဖျက်လေးကို ကြောင်ရုပ်လေး ပျက်သွားမှာစိုးလို့ မဖျက်ရက်ပဲ သိမ်းထားတာ ကြီးလာမှပဲ အိမ်နားက ကလေးလေးကို ပေးလိုက်ရတယ်။ (အဲ့လိုကို နှမြောတာ) :P

(၆) နှင်းဆီပန်းတွင် အ၀ါရောင် တမျိုးတည်းသာ ကြိုက်နှစ်သက်ပါတယ်၊ အ၀ါဆို ဘယ်အ၀ါမဆို ကြိုက်၏။ သိုပေမယ့် ပိတောက်ပန်း ခြောက်သွားရင်တော့ မကြိုက်ပါ။ (နံမည်ကိုက ပိတောက်အခြောက်ရောင် တဲ့) :(

(၇) တပါးသူ လုပ်နိုင်တာ ကောင်းတာ မှန်သမျှ မလုပ်နိုင်တာ မရှိဟု စိတ်ထဲတွင် ခံယူထားခြင်း။ မျက်စိရှေ့တွင် ခဏမျှသာ လုပ်ပြသော အလုပ်ကို တခဏအတွင်း ပြန်လုပ်ပြနိုင်ခြင်း။ ဘွဲ့ယူတုန်းက မျက်နှာပြင်ပေးသည့် သူ ပြင်ပေးသည့်အတိုင်း နောက်ပိုင်းတွင် တိကျစွာ ပြင်ဆင် ခြယ်သတတ်ခြင်း။ (တော်တယ်နော်) :-D

(၈) စိတ်မပါလျှင် ဘယ်သူလာပြောပြော နေရာမှ မထတမ်း ထိုင်ကာ ပေကပ်ကပ် နေတတ်ခြင်း၊ ရေတောင် ထမသောက်ဘူး။ ;D

(၉) စိတ်ဆိုး၊ ဒေါသထွက်နေလျှင် ထမင်းတော့ ၀င်အောင်စားခြင်း။ (ကျန်းမာရေး ဂရုစိုက်တာပါ)

(၁၀) မိန်းကလေးများ အတင်းပြောနေလျှင် ကြည့်မရဖြစ်ကာ အဲ့ဒီတယောက်နှင့် စကားလုံးဝမပြောတော့ခြင်း (ကျောင်းတုန်းကပါ၊ ခုတော့ နည်းနည်းပြင်ထားတယ်)။ သူတပါးမကောင်း မပြောသလို ကိုယ် ကောင်းကြောင်းလည်း ဘယ်သူ့ကိုမှ လျှောက်မပြောတတ်ခြင်း။ (သူတပါးအပေါ် အကောင်းမြင်တတ်ခြင်း)

(၁၁) မရွံတတ်ပါ။ ကိုယ့်ပါးစပ်ထဲ မ၀င်သရွေ့ ဘယ်တော့မှ မရွံပါ၊ ကြိုက်သလောက်ပြော၊ မြင်နေလည်း အစားအသောက် မပျက်ပါ။ သူငယ်ချင်းများနှင့် ပြိုင်ပြောတိုင်း အနိုင်ရသည်။ (မုန့်ဟင်းခါးကို ၀ါးကျွေးမယ် ပြောလဲ အစားမပျက်ပါ၊ သူတို့ပဲ ရှုံးပါသည်) :D

(၁၂) လူကြီး မဆန်ပါ၊ ဘယ်ရုပ်ရှင်ကို အရင်ကြည့်မလဲ မေးလျှင် ကာတွန်းကား အရင်ကြည့်မည်ဟု ဖြေတုန်းပဲ။

(၁၃) ဓါတ်ပုံရိုက်ရတာ တအားဝါသနာကြီးသည်၊ ခရီးတခါထွက်လျှင် ဖလင် ၄-၅ လိပ်လောက်တော့ အပျော့ပေါ့။ ကိုယ်ရိုက်သည့် စတိုင်လ်အတိုင်း သူငယ်ချင်းများ လိုက်ရိုက်လည်း ကိုယ့်ပုံလောက်တော့ မလှပါ။ (ကြွားတာလေ ကြုံတုန်းလေး) :P

(၁၄) လက်မြန်၊ ခြေမြန်ရှိခြင်း။ ငယ်တုန်းက သူငယ်ချင်းများ စသည့်အခါတွင် ပါးစပ်မှ မစနဲ့ဟု မပြောခင် လက်ကတော့ သူ့ကို နာအောင် အရင်ရိုက်ပြီး ဖြစ်သည်။ (ကြည့်ရှောင်ကြနော်) :)

ကဲ ညလေးရဲ့ ထူးခြားချက် တွေကိုတော့ ပေါက်ကရရေးလို့ ပြီးပြီ ဘယ်သူ့ ပြန် “Tag” ရင်ကောင်းမလဲ ဆိုတော့...

(၁) လင်းလက်ကြယ်စင်
(၂) ဦးနတ္ထိ
(၃) ဦးဦးကဒေါင်း
(၄) ညလေးသီရိ
(၅) ဦးဆန်းဦး
(၆) ဦးနေကြီး

ကဲလေ တော်လောက်ပါပီ ဒီလောက်လေးပဲ “Tag” လိုက်တယ် ပြီးရင် သူတို့ကိုလဲ သွားပြောရဦးမယ်လေ။ အားလုံးပဲ ပြိုင်တူ တက်နိုက်ကြပါစေ။ ;)
*****
စကားချပ်။ ။ညလေး ထပ်မံဖြည့်စွက် ထားပါသေးတယ်။ အားမရသေးမချင်း ထပ်ဖြည့်နေဦးမှာပါ။ :)
*****
ညလေး

No comments: