Saturday, April 28, 2007

10 Weird Things about CMS


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ ချမ်းမြစိုး (မောင်ချမ်း) ဖြစ်ပါတယ်။


ဒီပို့စ်ကတော့ မမေရဲ့ပို့စ် နှင့် မဂျစ်တူးရဲ့ပို့စ် ကောင်းမှုကြောင့် ရေးဖြစ်သွားတာပါ။ ရေးတုန်းကတော့ ကိုယ့်ကိုကိုယ် စာမေးပွဲစစ်နေသလိုပဲ ဟိဟိ အချက်တွေ လာတူနေရင်တော့ အဖော်ရတာပေါ့ :)

1. ယောင်္ကျားလေးဖြစ်သော်ငြား ဘောလုံးကန်ခြင်း၊ ဘောလုံးပွဲကြည့်ခြင်း တို့အား ငယ်ငယ်ကတည်းက ၀ါသနာမပါ။ ဘော(လုံး)နဲ့ပက်သက်လာရင် Snooker နှင့် Table Tennis ကိုပဲ နှစ်သက်စွာ ကစားသည်။

2. ငယ်ငယ်က အတန်းထဲတွင် အိပ်ငိုက်လွန်း၍ ဆရာ/ဆရာမများ ခဏခဏ ကြိမ်ဆဲတာ ခံရဖူးသည်။ တစ်ခါတစ်ခါ မြေဖြူခဲ Duster တို့နှင့် ညားရတတ်သည်။ လဘက်သုပ် နှင့် ကော်ဖီ စားပြီး သောက်ပြီးသည့်တိုင်အောင် အိပ်ချင်စိတ် မပျောက်သဖြင့် အိပ်ငိုက်သည့်လောက၌ ဆလံ ပေးခံရသူဖြစ်၏။

3. စာကြည့်/ဖတ်ပါက တစ်နာရီမပြည့်ခင် အိပ်ချင်လာပြီး အင်တာနက် ကြည့်ခိုင်း (သို့) စကားများခိုင်းပါက မိုးအလင်း ကြည့်နိုင် ပြောနိုင်သည့် အံ့သြဖွယ် စွမ်းရည်ကို ပိုင်ဆိုင်သည်။

4. အိမ်မှာနေသည့်အခါ ကော်ဖီကို တစ်နေ့ နှစ်ခွက်ထက်မနည်း နှစ်သက်စွာ သောက်သုံးတတ်ပြီး အိမ်အပြင်ထွက်သည့်အခါ လဘက်ရည်ကို သောက်သုံးတတ်သည်။

5. မေမြို့ တောင်ကြီး စသော တောင်ပေါ်မြို့ကလေးများကို နှစ်သက်စွဲလမ်းသည်။ မေမြို့ ၂၁ မိုင်သို့ ကြာဇံဟင်းခါး သောက်ရန်သက်သက် သွားဖူးသည်။ ရှမ်းပြည်ကို နှစ်သက်သဘောကျသည်။ ဖြစ်နိုင်လျှင် ရှမ်းတိုင်းရင်းသားတစ်ယောက် ဖြစ်ချင်မိသည်။

6. "ပလီတဲ့ခွေး Underwater ကူးစမ်း" ဆိုသည့် ဘယ်သူ စပြီး ထွင်လိုက်သလဲ မသိသော စကားကို အရမ်း နှစ်သက်သဘောကျသည်။ သူငယ်ချင်းများနှင့် စကားပြောသည့်အခါ အသံကျယ်ပြီး စကားပြောမြန်သည်ဟု သမုတ်ခံရသည်။ အစ အနောက်သန်ပြီး နာမည်ပြောင်ပေးသည့်နေရာ၌ ကျွမ်းကျင်သည်။

7. ပိုးဟပ် ဟုခေါ်သော သတ္တ၀ါကို သေမလောက်ရွံသည်။ ထို့ထက်ပိုဆိုးသည်ကား ဟိုမရောက် ဒီမရောက် နှစ်ပိုင်းတစ်ပိုင်း အခြောက်များ။ ပိုးဟပ်များကို တွေ့လျှင် တွေ့သည့်နေရာ၌ သတ်ပစ်တတ်သည်။

8. မတူသလို မတန်သလို စကားမပြောချင်သလို စတိုင်လ်ရှိသောသူများ၊ စမန်တက် (ဘ၀င်လေဟပ်) နေသော ဂိုက်ပေးကြမ်းလွန်းသောသူများ၊ ရေတွင်းဝ၌ အီးပါသောသူများအား ဆွဲထိုးချင်လောက်အောင် သောက်မြင်ကတ်၏။ ထိုကဲ့သို့သော လူများကိုလည်း ပညာကောင်းကောင်းပေးရန် ၀န်မလေးပေ။

9. မိတ်ကပ် ထူလပျစ် လိမ်းတတ်သော မိန်းကလေးများ နှင့် လဘက်ရည်ဆိုင် ထိုင်တတ်သည့် အကျင့်ရှိသော မိန်းကလေးများကို ကြည့်မရ။ သနပ်ခါးလေးနှင့် မြန်မာဆန်ဆန်လှသော မိန်းကလေးများကို နှစ်သက်သဘောကျသည်။

10. အ၀တ်အစား လက်ဝတ်ရတနာ တို့အပေါ်၌ နှစ်သက်ခုံမင်ခြင်းမရှိ။ တန်ဖိုးနည်းသော်လည်း သပ်သပ်ရပ်ရပ် နှင့် စတိုလ်ကျကျ ၀တ်စားဆင်ယင်တတ်သူများကို သဘောကျ၏။ Fancy ပစ္စည်းလေးများကို အမြတ်တနိုး ၀တ်ဆင်တတ်၏။

ဤသည်ကား မောင်CMS ၏ ထူးဆန်းသော အပြုအမူ ၁၀ မျိုးတည်း။ သို့ဖြစ်ပါ၍ ကျွန်တော်၏ မိတ်ဆွေ ရောင်းရင်းများကိုလည်း ဤကဲ့သို့သော စာလေးများ ရေးစေလိုသော ဆန္ဒဖြစ်ပေါ်မိပါသည်။ ထို့အတွက်ကြောင့် အောက်ပါ မိတ်ဆွေများကို ရေးသားရန် ခင်မင်လေးစားစွာဖြင့် Tag လုပ်လိုက်ရပါသည်။

1. ကိုကျော်မင်းထွန်း [Done]
2. ကိုတိုး [Done]
3. ကိုဆန်းဦး [Done]
4. ကိုမျိုးအောင်
5. ကိုဖြိုး(မျိုးကျော်ထွန်း) [Done]
6. အမိ စိုးကြည် [Done]
7. သဉ္ဇာ [Done]
8. ရွှေမြတ်
9. ကိုဇော်မိုးအောင် [Done]
10. ကိုတုံ (မောင်လှ) [Done]
11. မောင်သန့်ဇင် [Done]

ကဲ ... ၁၁ မီးငြိမ်းအောင်လို့ ၁၁ ယောက်ကို Tag လိုက်ပြီဗျာ :) ရေးပေးသော မိတ်ဆွေများ ၁၁ မီးငြိမ်းပြီး ကျန်းမာချမ်းသာ ကြပါစေသော်ဝ်။

Updated (24:April) : ဘလော့မရေးပဲ ၆လလောက် ပျောက်တဲ့နေတဲ့ ကျွန်တော့်အစ်ကိုကြီး ကိုကျော်သူလည်း ပေါ်လာပြီဗျာ။ ဟိဟိ ... ကျေးဇူးပါ ကိုကျော်သူ

No comments: