Saturday, April 28, 2007

ကျွန်တော်ရေးတဲ့ ကျွန်တော့်အကြောင်း (Tag Game)


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ မောင်သန့်ဇင် ဖြစ်ပါတယ်။

၁။ လူတစ်ယောက်နဲ့ စကားပြောတော့ရတော့မယ်ဆိုရင် ဘယ်သူနဲ့ ဘာအကြောင်းပဲ ပြောရပါစေ… စကားလုံးတိုင်းကို ကိုယ်တစ်ယောက်ထဲ စိတ်ထဲကနေ အရင်ပြောကြည့်လေ့ ရှိတယ်။ လေ့ကျင့်တဲ့ သဘောမဟုတ်ဘူး။ အလိုလို ပြောမိနေတာ။

၂။ အိပ်ငိုက်နေရင်တော့ စကားတွေ တရစပ် ထွက်ထွက်လာတတ်တယ်။ ကိုယ့်စကားကိုလည်း အရှိန်သတ် မရဘူး။ တစ်ခါတစ်လေ ဘေးက သူငယ်ချင်းတွေက ကြည့်ပြီး ရယ်ချင်ရယ်နေကြရော… (ကျေးဇူးပြုပြီး မျက်လုံးထဲ မြင်ယောင် မကြည့်ပါနဲ့ဗျာ။)

၃။ မနက်အိပ်ရာထ ထချင်းလုပ်တဲ့အလုပ်က နာရီကြည့်တာပဲ။ ဒီတိုင်းကြည့်တာမဟုတ်ဘူး။ ကြည့်ပြီးတာနဲ့ ညက ဘယ်အချိန်အိပ်လည်းဆိုတာ ခေါင်းပူခံပြီး စဉ်းစား။ ပြီးရင် ဘယ်နှစ်နာရီအိပ်ထားသလဲ တွက်။ နည်းနေရင် ဆက်အိပ်ဖို့ ဆုံးဖြတ်တယ်။ (များသောအားဖြင့်ကတော့ နည်းနေတာချည်းပဲ။)

၎။ လမ်းသွားရင် အမြဲလုပ်လေ့ရှိတာ.. ဘောင်းဘီအိတ်တွေကို လက်နဲ့ စမ်းစမ်းကြည့်တာပဲ။ ညာဘက်အိပ်ထဲမှာ အိမ်သော့ရယ်၊ ပိုက်ဆံအိပ်ရယ်၊ ဘယ်ဘက်မှာ Hand Phone ရယ်၊ MP3 Player ရယ် ကို အမြဲစမ်းမိနေသလား။ မစမ်းမိဘူးဆိုရင် ရပ်ပြီးစဉ်းစားတော့ ဘယ်နားထားခဲ့ပြီလဲဆိုတာ။ အခုတော့ MP3 Player မသုံးတော့ဘူး။ ဖုန်းကနေပဲ နားထောင်ဖြစ်တယ်။

၅။ သီချင်းတစ်ပုဒ်ကိုကြိုက်ပြီဆိုရင် ၆ခေါက်လောက် ဆက်တိုက် နားထောင်တာက နည်းလွန်းတယ်။ အချစ်သီချင်းကို ကြိုက်လွန်းလို့ နားထောင်တာ ၂လအတွင်း အကြိမ် ၂၀၀ကျော်သွားတယ်။ အဲ့တာ ကွန်ပျူတာနဲ့ နားထောင်တာနော်။ အလုပ်သွားအလုပ်ပြန် MP3 နဲ့က တစ်ခါတစ်လေ အိမ်ပေါ်ကဆင်းထဲက နားထောင်သွားတာ အလုပ်ရောက်တဲ့အထိ။ သီချင်းဆုံးသွားရင် ပြန်ဖွင့်၊ ပြီးရင် ပြန်ဖွင့် နားထောင်တတ်တယ်။ တစ်ခါတစ်လေ နားအရမ်းအူလာရင်တော့ ရပ်ပစ်လိုက်တယ်။

၆။ အဲ့တာထက် ဆိုးတာက နားထောင်ရင် အေးဆေးနားမထောင်ဘူး။ သီချင်းကို ပါးစပ်လှုပ်ပြီး ခပ်ဖွဖွ လိုက်ဆိုတာ။ ဘာမှတော့ သိပ်မဆန်းလှပါဘူး။ ဒါပေမယ့် ဒီမှာ ဘယ်သူမှမှ မလုပ်ကြတာ။ ကျွန်တော် အဲ့လို ပါးစပ်လှုပ်နေရင် ဘေးကလူတွေက ကြည့်တတ်တယ်။ ဒါပေမယ့် ဂရုမစိုက်ဘူး။ သီချင်းထဲမှာပဲ စီးဝင်ပြီး နားထောင်နေတတ်တယ်။

၇။ ရင်ခုန်ရတာကို ကြိုက်တယ်… တစ်မျိုးမထင်ကြပါနဲ့။ ရင်တုန်ရတာ၊ စိတ်လှုပ်ရှားရတာကို ကြိုက်တယ်လို့ ပြောတာပါ။ ကော်ဖီ၊ လက်ဘက်ရည်ကို …သောက်ပြီး ရင်ခုန်နှုန်း မြန်လာတာကို ကြိုက်တယ်။ ရန်ကုန်ကပြန်ရောက်တဲ့နေ့ ဘာကြောင့်မှန်းလဲမသိပဲ စိတ်တွေ လှုပ်ရှားနေတယ်။ လူကလည်း Active ဖြစ်နေတယ်။ လမ်းလျှောက်တာလည်း မြန်လာပြီး ရင်တွေခုန်လာတယ်။ အဲ့တာကို လက်ဘက်ရည်တစ်ခွက်သောက်ဖို့ ဆုံးဖြတ်တယ်။ လက်ဘက်ရည်သောက် နေရင်းနဲ့ ရင်ခုန်စရာကောင်းတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုကို ပြုတယ်။ (ဘာ စဉ်းစားမိကြလဲ ဟင်)… ဖုန်းကို တမင်ခေါ်တာပါ။ ငါ ရင်ဘယ်လောက်တုန်နိုင်မလဲ ဆိုတာ သိချင်စိတ်နဲ့။

၈။ ကမ္ဘာကြီး ပူနွေးလာပြီတဲ့။ ပျော်ကြလာမယ့် ရေခဲရေတွေကို… အာဖရိကတိုက်က ဆာဟာရ သဲကန္တာရထဲ သွားလောင်းပေးရင်… ရေလည်းကုန်၊ ဆာဟာရလည်း ဥယျာဉ်ကြီးဖြစ်လာ.. ဆိုတဲ့ အတွေးက ကျွန်တော့်အတွက်တော့ အခုထိ မှန်နေသလိုပဲ။

၉။ လူတွေ ထင်မထားတဲ့ ကိစ္စတွေ လုပ်ပြတတ်တယ်။ ဥပမာ ပေးမယ်နော်။ ငယ်ငယ်တုန်းက.. ပေါ့။ ကျွန်တော် ကျူရှင်ကနေ အိမ်ပြန်ရောက်တော့ ကျွန်တော့်အစ်မက ကျွန်တော့်ကို ကျွန်တော့်အရုပ်လေး ထောင်ပြပြီး “ငါလုပ်လိုက်လို့ နင့် အရုပ်ကြိုးသွားပြီ” တဲ့။ မျက်နှာငယ်လေးနဲ့ ပြောတာ။ ကျွန်တော်သူ့ကို ဘာပြန်ပြောလဲ သိလား။ “ရပါတယ်။ ထားလိုက်ပါ။” လို့ ပြန်ပြောလိုက်တယ်။ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်လိုက်တယ် ဆိုတာထက် သူမျှော်လင့်ထားတာကို ပေးမဖြစ်တဲ့ သဘောက ပိုများပါတယ်။ နင့်မှာ အူဘယ်နှစ်ခွေ၊ သွားဘယ်နှစ်ချောင်း အပြောခံရလွန်းလို့ ဖြစ်ပါလိမ့်မယ်။ =) အဲ့လို တုံ့ပြန်တတ်တာ အကျင့်တစ်ခုလို ဖြစ်သွားပါတယ်။ ရင်းနှီးတဲ့ သူငယ်ချင်းတွေကတော့ သဘောပေါက်သွားပါပြီ။ သူငယ်ချင်းအသစ်တွေ ကတော့ တစ်ခါတစ်လေ ကြောင်ကြောင်သွားကြတယ်။

၁၀။ ကျွန်တော် လမ်းလျှောက်နေမှ စာကျက်လို့ရတယ်။ စာကို ပိုမှတ်မိတယ်။ အဖေဆို အရမ်းပြောတယ်။ “မင်းပင်ပန်းတာပေါ့ကွာ”တဲ့။ ဟုတ်တယ်။ ပိုပင်ပန်းတယ်။ ဒါပေမယ့် ငုတ်တုတ်ထိုင် ကျက်ရင် စာကို မမှတ်နိုင်သလိုပဲ။ ဆယ်တန်းတုန်းကဆို အိပ်ရှေ့အိမ်နောက် ပြေးနေတာ။

- မကြီးအိမ့်၊ ကိုဖိုးချမ်း၊ မသဉ္ဇာ၊ ကိုဝေယံတို့ရဲ့ အလှည့်ပေးမှုကြောင့် ဒီစာကို ရေးပါသည်။

*ကဲ… မရေးရသေးတဲ့ လူတွေ ကိုယ့်ကိုယ်ကို သိတယ်နော်… ဟွန်းဟွန်း… နာမည်မတတ်ချင်ဘူး။ (ပြောသာ ပြောရတယ်။.. တကယ်က ဘယ်သူ့နာမည် တတ်ရမှန်း မသိတော့လို့။ ဟီး)

လေးစားလျက်

မောင်သန့်ဇင်

No comments: