Saturday, April 28, 2007

My weird habits:


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ ကိုကျော်သူ ဖြစ်ပါတယ်။


ကိုကျော်မင်းထွန်း နဲ့ မို့မို့က ကျွန်တော့်ကို Tag ထားတာကြောင့်၊ ချစ်စရာ မြန်မာဘလော့ဂါတွေရဲ့  အစဉ်အလာ မပျက်ရအောင် ၆ လလောက် သိပ်ထားခဲ့တဲ့ ဘလော့ဂ်ကို ပြန်နှိုးလိုက်ပါတယ်။ Weird things လို့ပြောခဲ့ပေမယ့် ကိုယ့်ကိုကိုယ် အကျင့်ဆိုးတွေက ရုန်းထွက်စေချင်တာကြောင့် မကောင်းတဲ့ အကျင့်တွေလို့ဘဲ ယူပြီးရေးလိုက်ပါတယ်။ သူတို့နဲ့တော့ theme တော်တော် ကွာသွားမယ်ထင်ပါတယ်။ ဘာဘဲဖြစ်ဖြစ်ပါ။ ပြောတာပေါ့။ တကယ်တန်း ပြောရရင်တော့ ၁၀ချက်ထက် ကျော်သွားပါလိမ့်မယ်။ ဒီမှာတော့ ၁၀ချက်ပေါ့ခင်ဗျာ…။

၁။ ကောက်ရိုးမီး။

ကျွန်တော်ငယ်ငယ်ထဲက လုပ်ချင်တာ၊ စိတ်ဝင်စားတာရှိရင် သည်းကြီးမည်းကြီး လုပ်တတ်ပါတယ်။ ဒါပေမယ့် အဲဒီစိတ်က ကြာကြာမခံပါဘူး။ ရေရှည်တည်တန့်တဲ့ ဇွဲ နည်းလှပါတယ်။ ခုလဲ ဒီအကျင့်က သိပ်ဒုက္ခပေးပါတယ်။ အလုပ်မှာလဲ စိတ်ဝင်စားရင် သူများထက် ထူးအောင်လုပ်တတ်ပေမယ့် ရိုးသွားရင် ဆက်ချင်စိတ်မရှိတော့လို့ ကြွေးတင်နေတာတွေ များနေပါတယ်။ အပြင် သာဓက တစ်ခုကတော့ ဒီဘလော့ဂ်ပေါ့ခင်ဗျာ။ ဘလော့ဂ် စခါစက ကျွန်တော့်မှာရှိပြီးသား ဒိုမိန်းက ဒေတာဘေ့စ် SQL မရလို့ ဈေးပိုပေးပြီး Grade တိုးလိုက်ရပါတယ်။ Intro Banner ကို မြန်မာဆန်ဆန်နဲ့ ထူးထူးခြားခြားဖြစ်ချင်လို့ အချိန် နာရီပေါင်းများစွာ Macromedia Flash အတွက်၊ ပန်းချီရှာတာတွေ အတွက်၊ photoshop color touching တွေအတွက် ပေးခဲ့ပါတယ်။ Template ရွေးတာကိုက တစ်ပါတ်လောက်ကြာပါတယ်။ နှစ်လ သုံးလလောက် ဘလော့ဂ်ဘဲ လုံးပန်းနေခဲ့ပါတယ်။ ပြီးတော့ ဆက်ရေးရမှာ ပျင်းသွားပါတယ်။ ၆လလောက် ရပ်သွားပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ ကောက်ရိုးမီးပါ။

၂။ ယုံလွယ်သူ။

ကျွန်တော်က လူတွေအားလုံးဟာ အခြေခံအားဖြင့် ကောင်းတယ်လို့ ယုံချင်သူပါ။ ကိုယ်ကကောင်းရင် သူကလဲကောင်းမယ်လို့လဲ အမြဲယုံပါတယ်။ ဒါကြောင့် မကြာခဏ နှပ်ချခံရလေ့ရှိပါတယ်။ ကြာတော့ လူဟာ ငတုံး၊ ငအ လိုလို ဖြစ်လာပါတယ်။ နောက်ဆုံး သူများတွေသတိပေးတဲ့ကြားက ကိုယ်ယုံကြည်သူကို Blank Cheque ခပ်ဆန်ဆန် လက်မှတ်တစ်ခြမ်း ထိုးပြီးပေးတဲ့ အထိ ကျွန်တော်မိုက်ခဲ့ဘူးပါတယ်။ ငွေကြေးထက် ပိုပြီး တန်ဘိုးကြီးတဲ့ အရာကိုပေးခဲ့တာပါ။ သတိပေးတဲ့သူတွေ မှန်ခဲ့ပါတယ်။ တန်ဘိုးကြီးကြီးပေးခဲ့ရပြီး ကျွန်တော်သာ ရူးပြီးကျန်ခဲ့ပါတယ်။ ကျွန်တော့်ယုံကြည်မှု့  အရာမထင်ခဲ့ပါ။ ဒါပေမယ့် နောင်တတော့ မရခဲ့။ ဒါကြောင့် ကျွန်တော်ဟာ ယုံလွယ်သူပါ။

၃။ တစ်ခါတစ်ခါ အင်မတန် ကြောင်တောင်တောင်နိုင်သူ။

ကျွန်တော်ဟာ တစ်ခါတစ်ခါ အင်မတန်ကြောင်ပါတယ်။ ကျွန်တော် ယူကေ စရောက်တော့ ရောက်ရောက်ချင်း ဘဏ်ကဒ်မရသေးပါဘူး။ လက်ထဲမှာ cash မကိုင်ထားချင်တာနဲ့ မရှိတော့တဲ့ ကျွန်တော့်ရည်းစားရဲ့ ယူကေဘဏ်အကောင့်ထဲ ငွေထည့်ပြီး သူ့ကဒ်ကို ယူကိုင်ပါတယ်။ Woolworths မှာဈေးဝယ်ပြီး ကောင်တာမှာ ကဒ်နဲ့အရှင်း Cashiers တွေရှေ့မှာဘဲ ကျွန်တော့်ကောင်မလေး လက်မှတ်ကို ကောက်ထိုးပေးလိုက်ပါတယ်။ Cashier ကကြည့်ပြီး မိန်းကလေးကဒ်ကို ယောက်ျားလေးထိုးတော့ Security ကိုလှမ်းခေါ်ပါတယ်။ အဲဒီတော့မှ ကျွန်တော်လဲ မှားသွားမှန်းသတိရလိုက်ပါတယ်။ အဲဒါ လက်မှတ်လိမ်ထိုးတာ criminal case ပါ။ မသိလို့ မဟုတ်ပါဘူး။ ကျွန်တော့် စိတ်ထဲမှာတော့ ဒါကျွန်တော့် ပိုက်ဆံပေါ့။ ရဲ မခေါ်ပေမယ့် သူတို့က ကဒ်ကို Cancel လုပ်လိုက်ပါတယ်။ သူများလက်မှတ်ကို လူရှေ့ မှာ ပေါ်တင်ထိုးတဲ့အထိ ကြောင်ခဲ့တာပါ။ အမှန်က Pin နံပါတ်လေးနဲ့ စက်က ထုတ်သုံးရုံသုံးရမှာ။ ကျွန်တော့်စိတ်ထဲမှာ အိုကေတယ်ဆို လုပ်မိတာပါဘဲ။ အဲဒါမျိုးလေးတွေ အများကြီးပါ။ ဒါကြောင့် ကျွန်တော်ဟာ တစ်ခါတစ်ခါ အင်မတန် ကြောင်တောင်တောင်နိုင်သူပါ။

၎။ အီးထွက်ခါနီးမှ အီအီးတွင်းရှာသူ။

ကျွန်တော်ဟာ သိပ်အချိန်ဆွဲသူပါ။ ဘယ်အရာမှ ကြိုကြိုတင်တင် လုပ်ထားလေ့ မရှိပါဘူး။ နီးမှ ကပ်ပြီးလုပ်တတ်တဲ့သူမျိုးပါ။ ခြင်္သေ့သေတွေ (Deadlines) အနားနီးမှ ပြာပြီးလုပ်တတ်သူပါ။ စာမေးပွဲနီး တစ်ပါတ်လောက်မှ စာစကြည့်တဲ့သူမျိုးပေါ့။ အဲဒီအချိန်တွေမှာ ကျွန်တော့်စိတ်တွေ ပူပြီးတက်ကြွသလို ဖြစ်နေတတ်ပါတယ်။ အဲဒီလို ကျွန်တော့်ကိုယ်ထဲမှာ Adrenaline တွေတက်လာတဲ့အခါမှ အလုပ်တစ်ခုကို စတတ်သူပါ။ ဒါကြောင့် တစ်ချို့ အလုပ်တွေမှာ ပိုကောင်းအောင် စောစောလုပ်နိုင်ရဲ့သားနဲ့ နောက်ကျပြီး ရသလောက်နဲ့သာ ကျေနပ်လိုက်ရတာတွေရှိခဲ့ပါတယ်။ စိတ်ထဲမှာ အင်း… နောက်ကိုတော့ ပြင်မှ ဖြစ်မယ်လို့ တွေးမိပေမယ့် မပြင်နိုင်ခဲ့ပါဘူး။ နောင်တတွေ အသုံးမ၀င်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်ဟာ အီးထွက်ခါနီးမှ အီအီးတွင်းရှာသူပါ။ (Telsa ရယ် မိုမို့ရယ်နဲ့ အကျင့်တူပါတယ်။)

၅။ ဇွတ်လုပ်တတ်သူ။

ကျွန်တော်ဟာ လိုချင်တာဖြစ်ချင်တာရှိရင် တော်ဧ။်၊ မတော်ဧ။် သိပ်မစဉ်းစားပါဘူး။ စွတ်ဆက်လုပ်လေ့ ရှိတတ်ပါတယ်။ မကောင်းမှန်းသိရင်တောင်မှ (ကျွန်တော့် အတိုင်းအတာထဲမှာ) ရချင်လိုချင်ရင် ရရမှ၊ ကျေနပ်ပါတယ်။ အပေါ်က စာမေးပွဲနီးမှ စာကျက်တာလဲ ဒီစိတ်ကြောင့်ပါဘဲ။ ကျွန်တော်စာမကျက်ချင်သေးရင် သူငယ်ချင်းတွေ ဘယ်သူတွေ ကျက်နေကျက်နေ ကျွန်တော် ဂရုမစိုက်ပါဘူး။ နောက်ဆုံးအချိန် မကျက်ရင်ကျရှုံးတော့မယ်ဆိုမှ အကျရှုံးမခံချင်စိတ်နဲ့ အချိန်တိုလေးအတွင်း သူများထက်ပိုပြီး စွတ်ကြိုးစားတတ်ပါတယ်။ ကပ်အောင်ရုံလေးတွေ အများကြီးရှိခဲ့ပါတယ်။ နောက်၊ သွားမယ်လာမယ် ဆုံးဖြတ်ထားရင်၊ သွားဖို့ ပြင်ဆင်ထားပြီးခဲ့ရင် လမ်းမှာတံတားကျိုးနေ၊ ရေကြီးနေရင်တောင်မှ မစောင့်ချင်တတ်တဲ့သူမျိုးပေါ့။ ဒီလို ဇွတ်လုပ်တော့ နောက် ဒုက္ခရောက်တာပေါ့။

၆။ မီးနဲ့ဆော့ချင်သူ။

မီးနဲ့ဆော့ချင်သူဆိုတာ နိုင်းယှဉ် ရေးထားတာမဟုတ်ပါဘူး။ ငယ်ငယ်က ကျွန်တော်ဟာ မီးနဲ့ အကြီးအကျယ်ဆော့သူပါ။ မီးနဲ့ ဓါတ်ဆီ၊ ယမ်း၊ flare၊ electric shock နည်းစုံ အကုန်ဆော့ဘူးပါတယ်။ ကြီးလာတော့လဲ မီးနဲ့ ကစားချင်နေတုန်းပါဘဲ။ မီးလိုဘဲ အန္တရာယ်ရှိတဲ့ အရာတွေ၊ နေရာတွေ၊ အလုပ်တွေဟာ ကျွန်တော့်ကို စွဲဆောင်ပါတယ်။ ကျွန်တော်ဟာ Adrenaline addict ပါ။ ငယ်ငယ်က ဆိုးတဲ့၊ ကိုက်တတ်တဲ့ ခွေးနားသွားပြီး ခဲနဲ့ထု၊ လိုက်ဆွဲတော့ ထွက်ပြေးပါတယ်။ အဲဒီလိုလိုက်အဆွဲ၊ ခွေးက ကိုယ့်ခြေထောက် နောက်နား ၂ပေ ၃ပေ ပေလောက် အရောက် လှမ်းအဟပ်၊ စိတ်ထဲမှာ ဖြစ်သွားတဲ့ အသည်းအေးသလို၊ အူယားသလို အရသာဟာ ခံစားဘူးမှ သေချာသိတာပါ။ အဲဒီလို Adrenaline ထွက်တဲ့ အရသာကို လိုချင်လို့  ခဏခဏ ခွေးကိုသွားစပါတယ်။ ဒါကြောင့် စပိန်၊ မက်ဆီကို မှာ ကျွဲရိုင်းတွေကို လမ်းမပေါ်လွှတ်ပေးပြီး ရှေ့  က ထွက်ပြေးတဲ့ လူတွေ၊ ဒီလို ဘာကြောင့်လုပ်တယ်ဆိုတာကို ကောင်းကောင်းနားလည်မိပါတယ်။ နောက် ကြီးလာတော့ ကားပြိုင်တာ၊ ဆိုင်ကယ်ပြိုင်တာတို့ရဲ့  အရသာကိုစွဲလမ်းပါတယ်။ ကျွန်တော်နဲ့ ပြိုင်နေတဲ့ကား ပလက်ဖောင်းပေါ်တက်သွား ပြီး အုတ်နံရံကို တက်တိုက်တာတို့၊ RC2 ကွေ့ မှာ အရှိန်နဲ့ တကျွီကျွီးကွေ့ တာ လမ်းပေါ်က ယဉ်ထိန်းကို တိုက်မလိုဖြစ်သွားလို့  ယဉ်ထိန်းရဲက ခုန်ရှောင်လိုက်ရတာတို့ မျိုးတွေပါ။ ဆိုင်ကယ်ဆိုလဲ လူက ပေ၃၀-၄၀ လောက်လွင့်သွားပြီး အင်ဂျင်ကွဲသွားတဲ့အထိ မှောက်ဘူးပါတယ်။ Yamaha FZR400 နဲ့ပါ။ အဲဒါမျိုး သဲထိတ်ရင်ဖိုဖြစ်ပြီးရင် ကျွန်တော့်ရင်တွေ တစ်ဒိုင်းဒိုင်းတုန်ပြီး ကျန်ခဲ့ပါတယ်။ အဲဒီလိုအရသာတွေကို နှစ်သက်တာပါ။ ကျွန်တော် ကားမောင်းနေတာကို မစီးရဲတော့လို့၊ ခုချက်ချင်း ရပ်ပေး၊ ဆင်းမယ် ဆိုလို့ ရပ်ပေးခဲ့ရဘူးပါတယ်။ တကယ်တော့ ကျွန်တော်ကားမောင်းတာကို စီးနေသူတွေရဲ့ အသက်ဟာ ကျွန်တော့်တာဝန်ပါ။ ထိန်းနိုင်လဲ ခဏနေရင် ပြန်လုပ်တတ်တာမျိုးပါဘဲ။ ကျွန်တော်က မီးနဲ့ဆော့ချင်သူမျိုးပါ။

၇။ မျက်ရည်လွယ်သူ၊ စိတ်ပျော့သူ၊ ၀မ်းနည်းတတ်သူ။

ကျွန်တော် ငယ်ငယ် သူငယ်တန်းကျောင်းသားဘ၀က ရက်အတန်ကြာတူတူထိုင်ခဲ့တဲ့ သူငယ်ချင်းကို နေရာခွဲလိုက်တာ သူကဘာမှ မဖြစ်ပေမယ့် ကျွန်တော်က မျက်ရည်ကျခဲ့ပါတယ်။ ဆရာမက နေရာ ပြန်ရွှေ့ ပေးခဲ့ရပါတယ်။ မူလတန်းကျောင်းသား ဘ၀မှာ ကျွန်တော့်အိမ်က ကားကိုရောင်းတော့ ငိုခဲ့ပါတယ်။ အဖေက ကျွန်တော်ကြိုက်တဲ့ တစ်ခြား အမျိုးအစားကား ပြန်ဝယ်ပေးမယ်ဆိုပြီး ကားဝယ်သူတွေရှေ့ မှာ အတော်ကြာ ချော့ခဲ့ရပါတယ်။ တက္ကသိုလ်ကျောင်းသား ဘ၀ရောက်တာတောင် ကျွန်တော့်အိမ်က Limited လေးကိုရောင်းမယ်ဆိုတော့ မရောင်းခင်ညက အဲဒီကားနဲ့ သွားခဲ့ဘူးတဲ့နေရာတွေကို တစ်ညလုံးသွားခဲ့ပါတယ်။ ကျွန်တော့်စိတ်ထဲ အမှတ်ထင်ခဲ့တဲ့ နေရာတွေပေါ့။ ကားကိုလဲ အရူးလိုဘဲ၊ မျက်ရည်ကျပြီး လက်နဲ့ကိုင်၊ စကားတွေ တတွတ်တွတ်ပြောနေမိပါတယ်။ အဲဒီကားက ကျွန်တော်သိပ်ချစ်ခဲ့တဲ့ ချစ်သူနဲ့ တူတူသွားခဲ့လာခဲ့ ပြဿနာတွေဖြစ်ခဲ့တဲ့ ရာဇ၀င်ရှိခဲ့တာလဲ ပါပါတယ်။ ကားရောင်းတာ အသည်းကွဲသလိုပါဘဲ။

ဒါပေမယ့် အဲဒီလို စိတ်ပျော့တာ၊ မျက်ရည်လွယ်တာတွေဟာ ရည်းစားစကားပြောလို့တော့ သိပ်ကောင်းပါတယ်။ သိပ်ကြိုက်နေတဲ့ ကောင်မလေးကို ရည်းစားစကားပြောနေတုန်း ကောင်မလေးက နဲနဲမူလိုက်ရင်၊ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလို့ပြောလိုက်တာ စိတ်ထဲရောက်သွားရင် ကျွန်တော်က ၀မ်းနည်းပြီး မျက်ရည်ဝဲနေတတ်ပါပြီ။ အံကိုကြိတ်၊ လက်သီးကိုဆုတ်ပြီး ပါးပေါ်ကို မျက်ရည်က စီးပြီးကျလာတတ်ပါတယ်။ ကြည်သွားရောပေါ့။ တကယ်တော့ တမင်ရည်ရွယ်ပြီး မျက်ရည်ခံထိုးတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူငယ်ချင်းတွေက အဲဒါကို မိချောင်းမျက်ရည်လို့  ခေါ်ကြပါတယ်။ တကယ်တော့ ကျွန်တော်က စိတ်ပျော့သူပါ။

၈။ စွဲလမ်းတတ်သူ၊ မပြတ်သားသူ။

စိတ်ပျော့တာနဲ့ဆက်ပြီးပြောရရင် ကျွန်တော်က စွဲလမ်းတတ်သူ၊ မပြတ်သားသူပါ။ အစဉ်တစ်စိုက်ပတ်လာတဲ့ နာရီ၊ အသုံးအဆောင် တော်တော်များများ ကျွန်တော့်ဆီမှာ ရှိသေးပါတယ်။ နာရီပျက်သွားပေမယ့် မပစ်ရက်လို့  ဘူးထဲထည့် သိမ်းထားခဲ့တာမျိုးပေါ့။ အင်္ကျီ၊ ဘောင်းဘီ၊ လွယ်အိတ်ဆိုတာမျိုးပေါ့။ (စိတ်မပြတ်လို့ သင်္ကန်းမှာ သန်းဖြစ်သွားတဲ့ ဘုန်းကြီးလိုပေါ့၊) ကျွန်တော့်အမေက ဇွတ်လွှင့်ပစ်ရပါတယ်။ ကျွန်တော်က ကား၊ ခွေး၊ ကြောင်၊ လူ၊ ဘာမဆို သံယောဇဉ်တွယ်မိရင် မေ့ပျောက်ရ ခက်ပါတယ်။ ဒါကြောင့် ကျွန်တော့်ချစ်သူတွေနဲ့ ကျွန်တော် ပြတ်ဆဲခဲ့ပြီးတာတောင်၊ ချစ်သူအသစ် ရခဲ့ပြီးတာတောင်၊ ချစ်သူဟောင်းကို နှစ်နဲ့ချီပြီး ချစ်နေ၊ တမ်းတနေ၊ စိတ်ထဲမှာ သံယောဇဉ် တွယ်နေသေးတတ်ပါတယ်။ ဒီတော့ ကျွန်တော့် ချစ်သူသစ်နဲ့လဲ ပြဿနာတွေ ဖြစ်တော့တာပေါ့။

၉။ တစ်ခဏ ဒေါသကြီးတတ်သူ။

ကျွန်တော်က စိတ်ပျော့တဲ့အခါတွေများသလို တစ်ခါတစ်လေ ဒေါသမထိန်းနိုင်ဖြစ်တတ်တာကြောင့် ပြဿနာတက်ခဲ့ရတာတွေ၊ ရန်သူဖြစ်သွားခဲ့တဲ့ မိတ်ဆွေတွေရှိခဲ့ပါတယ်။ ပစ္စည်းတွေ ၀ုန်းဒိုင်းချဲ ပေါက်ခွဲ ချိုးဖျက်ပြစ်တတ်ပြီး၊ နောက်မှ အဲဒီပစ္စည်းလေးကို ပြန်ကြည့်ပြီး နောင်တရနေတတ်ပါတယ်။ လူမိုက်လုပ်တန်း ကစားတာ မဟုတ်ဘဲ ရုတ်တရက် ဒေါသကြောင့် သူများကားကို မှန်ရိုက်ခွဲတာမျိုး ရှိခဲ့ဘူးသလို၊ ရည်းစားနဲ့ရန်ဖြစ်ပြီး စိတ်မထိန်းနိုင်တော့လို့  ပြောနေတဲ့ Hand Phone ကို တစ်စစီ ပေါက်ခွဲခဲ့ဘူးပါတယ်။ Sony Ericsson တစ်လုံး၊ Qualcomm တစ်လုံးပါ။ Talking dictionary က တစ်လုံးပါ။ ဒါကြောင့် ကျွန်တော်ဟာ ကိုယ့်ဒေါသကိုယ် မသတ်နိုင်တဲ့ မရင့်ကျက်တဲ့သူလဲ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ဒေါသတွေ၊ အမုန်းတွေဟာ ကောက်ရိုးမီးလိုဘဲ တစ်ခဏအတွင်း အပြင်းအထန်လောင်ကျွမ်းပြီး၊ အဆုံးမှာတော့ ငြိမ်းသတ်သွားပါတယ်။ လူတစ်ယောက်ကို ရေရှည်ဒေါသထွက်၊ အငြိုးထား၊ အမုန်းမပွားတတ်ပါဘူး။ ဒါကြောင့် ကျွန်တော့်မှာ အများအားဖြင့် ရန်သူထက် မိတ်ဆွေက ပိုများပါတယ်။

(ရည်စားဟောင်းတွေကို လွယ်လွယ် မမုန်းနိုင်တာကလွဲလို့ ) ပြသနာတွေဟာ ဘယ်တော့မှ မပြီးနိုင်တဲ့ Drama အရှည်ကြီးလဲ ဖြစ်မနေတတ်ပါဘူး။ လွယ်လွယ် မမေ့နိုင်ပေမယ့် ရေရှည်အငြိုးကြီး မငြိုးတတ်ပါဘူး။ ဒါကြောင့် ကျွန်တော်ဟာ တစ်ခဏ ဟုန်းခနဲ လောင်မြိုက်တတ်သူပါ။

၁၀။ မပြတ်မသား၊ စိတ်ခံစားမှု့ ရှုပ်ထွေးတတ်သူ။

ကျွန်တော်ဟာ တစ်ခါတစ်လေမှာ သိပ်တွေဝေတတ်ပါတယ်။ လုပ်ရ မလုပ်ရ၊ သွားရ မသွားရလဲ တစ်ခါတစ်ရံတွေဝေနေတတ်ပါတယ်။ ဆုံးဖြတ်ချက်ချဖို့ အချိန်တွေ အများကြီးယူပြီး အဝေးကြီး ကြိုတွေးနေတတ်သေးပါတယ်။ ဒါကြောင့် အပေါ်က ဇွတ်လုပ်တတ်တဲ့ အကျင့်နဲ့ လုံးလုံးဆန့်ကျင်ပြီး အစွန်းရောက်နေတတ်ပါတယ်။ စွဲလမ်းတတ်တာနဲ့ ကောက်ရိုးမီးစိတ်ဓါတ်ဟာလဲ ဆန့်ကျင်နေပါတယ်။ မီးနဲ့ဆော့ချင်တာနဲ့  စိတ်ပျော့တာနဲ့လဲ အကိုက်ပေါ့။ ဒါကြောင့် ကျွန်တော်ဟာ တစ်ယောက်ထဲမှာဘဲ ဆန့်ကျင်ဘက်တွေ ကြီးစိုး ရှုတ်ထွေးသူလဲဖြစ်နေတတ်ပါတယ်။ တည်ငြိမ်နေချိန်မှာ လူတွေ ကျွန်တော့်ကို လွယ်လွယ်ကူကူ လေးစားချစ်ခင်လာသလို၊ လှုပ်ရှားကြမ်းတမ်းနေတဲ့ အချိန်တွေမှာ ကျွန်တော့်မျက်နှာက ရွံ့ စရာ ကြောက်စရာ ဘီလူးသရဲဖြစ်နေတတ်ပါတယ်။ လူတွေကို ချစ်ခင်နေချိန်မှာ အကူအညီပေး၊ နွေးထွေးတတ်သလောက် မုန်းတီးချိန်တွေမှာ အကြမ်းပတမ်းတွေလုပ်တတ်သူပါ။ လုပ်ချင်ရင်လုပ်ရမှဆိုတဲ့ အခါတွေရှိသလို လုပ်ချင်ရက်နဲ့ ချည်တုံချတုံတွေ ဖြစ်နေတတ်တာလဲရှိပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ မပြတ်မသား၊ စိတ်ခံစားမှု့ရှုပ်ထွေးတတ်သူပါ။

ငယ်စဉ်ကတော့ အစအနောက်သန်တဲ့၊ ကြံကြံဖန်ဖန်တွေ ကစားတတ်တဲ့၊ ခြံနီးနားချင်းတွေကို ဒုက္ခပေးတတ်တဲ့၊ ညီအစ်ကိုဝမ်းကွဲတွေနဲ့ ကလေးဆိုးကြီး ဖြစ်ခဲ့ပါသေးတယ်။
ဒါတွေတော့ မရေးတော့ပါဘူး၊ ရေးထားတဲ့ ကျွန်တော့် မကောင်းတဲ့ အကျင့်တွေဟာ အတ္တခပ်ကြီးကြီးရှိသူတွေ အတွက်များဖြစ်နေမလားတော့မသိဘူး။

ဘလော့ဂ်မရေးတာ အကြာကြီးကြာပြီး ပြန်ရေးရတာ နဲနဲကြောင်သလိုလဲဖြစ်နေပါတယ်။ မောင်ချမ်းရဲ့ It’s a must. ဆိုတာလေးကြောင့် ရေးခဲ့တာလဲပါပါတယ်။ မူရင်း Theme ကိုလဲ သစ္စာဖောက်ခဲ့ပါတယ်။ မနက် ၄နာရီလဲ ခွဲသွားပါတယ်။ သူကတော့ နှပ်သွားပါပြီ။ ဒီပို့စ်ကတော့ မောင်ချမ်း တို့ ကောင်းမှု့ ပေါ့ဗျာ။

Tags:

မမေ၁၁ : http://emotionalcorner.blogspot.com/
မမွန်: http://thuhninsee.blogspot.com/
မို့မို့ : http://www.moeyyo.com/MM/ DONE!
ကိုမောင်လှ : http://mghla.blogspot.com/
မနှင်းဆီ : http://splendidrose.blogspot.com/
ဆွိလေး : http://nayyynzaraamyitkhan.blogspot.com/

No comments: