Saturday, April 28, 2007

12 Weird Things About Me


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ ကျော်မင်းထွန်း ဖြစ်ပါတယ်။


မောင်ဖိုးချမ်း ရဲ့ကောင်းမှု ( နည်းနည်းချောက်တွန်းတာတော့ပါမယ်ထင်တယ် ) နဲ့ ရေးဖြစ်သွားတာပါ။ ကဲဗျာ ကျတော်ကတော့ ဒီလိုဗျ။

၁။ ပင်ပန်းမှာကို သေအောင်ကြောက်သဖြင့် ပင်ပန်းသည့် အားကစားများလုပ်ရန်စိတ်မကူး။ အထူးသဖြင့် ဘောလုံးကန်ခြင်းကို လုံးဝ လုံးဝ စိတ်မ၀င်စား ( ဂိုးသွင်းတာလေးတွေ ရွေးပြရင်တော့ ကြိုက်သည်။)။ ကွန်ပျူတာဂိမ်းထဲမှာတောင် စိတ်ပင်ပန်းနေမှာစိုးလို့ လုံးဝ မဆော့။

၂။ အစားအသောက်ကို ဂျီးများသည် ( လုပ်ပေးမယ့်သူရှိလျှင် ) ။ ဘယ်သူမှ မရှိရင်တော့ ဘာပဲဖြစ်ဖြစ် ကျိတ်မှိတ်မျိုချတတ်တော့အကျင့်ရှိသည်။ (ကိုယ်ကိုကိုယ်တိုင် လုပ်ရမှာစိုး၍ )

၃။ သူတပါးစကားပြောနေချိန်တွင် ထိုပြောသူ၏စကားကို လေးလေး နက်နက်နားထောင်တတ်တော့အကျင့်ရှိသည်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင် ကွန်ပျူတာအကြောင်းကို ပြောပြီဆိုရင် သူများစိတ်ဝင်စားလားမစားလားဆိုတာ နည်းနည်းမှ ဂရုမစိုက် ထမင်းမေ့ ဟင်းမေ့ပြောတတ်သည်။ ( ကိုယ့်မှာလည်း ပြောစရာဒါပဲရှိတာပဲ ...ဒီကွန်ပျူတာလေးပဲတတ်တာ )

၎။ ကော်ဖီသောက်မလား မုန့်စားမစားဆိုရင် ကော်ဖီကိုပဲသောက်သည်။ တစ်နေ့ကို အနည်းဆုံး လေးခွက်အထိ သောက်တတ်သည်။ လက်ဖက်ရည်ကိုတော့မကြိုက် ( သို့ပေမဲ့ မန်းလေးမှာ နေတိုင်း တစ်နေ့ အနည်းဆုံး နှစ်ခွက် သုံးခွက် အထိ လက်ဖက်ရည်ကို သောက်တတ်သည်)။ အိမ်မှာတည်ပေးသောရေနွေးကြမ်းကို ရေနွေးကြမ်းဟု မမြင် လက်ဖက်ရည်ဆိုင်မှ ရေနွေးကြမ်းမှ ရေနွေးကြမ်း ဟု မြင်သည်။ ( လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ကို တခါတည်း သုံးလေးခွက် သောက်လို့မကောင်းလို့ ရေနွေးကြမ်းချည်းပဲ လိမ့်သောက်တာကနေ ဒီအကျင့်စတယ်ထင်တာပဲ)

၅။ ခရီးသွားခြင်းကို အလွန်နှစ်သက်သည်။ ဘယ်မြို့ ဘယ်ရွာဖြစ်ဖြစ် တစ်ခေါက်ရောက်ဖူးလျှင် နောက်တစ်ခေါက် သူများကို ဆရာလုပ်နိုင်သည်အထိ သေချာမှတ်သားတတ်သည်။ ( တစ်နေရာတည်းမှာ အငြိမ်မနေချင်သော စိတ်ရှိသည်ဟု ထင်သည်။ )

၆။ အနုပညာ (အထူးသဖြင့် ဂီတ ) ကိုနှစ်သက်သည်။ ဂစ်တာကို ဆယ်တန်းပြီးကတည်းက သင်နေတာ အခု အထိ ဒေါင်ဒေါင်ဒင်ဒင် ကနေ မတက်သေး။ ( လုပ်ချင်ရင်တော့ ချက်ချင်းမှ ဒါပေမဲ့အဆုံးသတ်အောင် လုပ်လေ့မရှိသော ကောက်ရိုးမီးစိတ်ဓါတ်လို့ပြောရင် မမှား )

၇။ ဘာပဲလုပ်လုပ် ပြီးပြီး “I did it” ဆိုသော စကားကို ပြောတတ်သည်။ ( တနည်းအားဖြင့်ဆိုသော် မိမိကို မိမိ appreciate အမြဲတမ်းလုပ်တတ်သည်။ သူများမလုပ်လည်း ကိတ်စ မရှိတော့ဘူးပေါ့နော်။)

၈။ အိပ်ခြင်းကို အလွန်ခုံမင်သည်။ (ဥပမာ ၊ တခါတလေ မနက်အိပ်ရာ နိုးနိုးချင်း ငါဘယ်အချိန်ပြန်အိပ်လို့ရမလဲ ကို စဉ်းစားလေ့ရှိသည်။)

၉။ မိမိကိုယ်မိမိ အလွန် ဘ၀င်မြင့်သူများ (ဘာမှ မရှိဘဲနဲ့ ) ၊ ချမ်းသာပြီး မရှိသောသူများကို စေတနာ မထားတတ်သော သူဌေးများ ၊ သူတပါးကိတ်စ ကို အလကားနေပြီး စပ်စုပြီး သတင်းကို အတင်းလုပ်တတ်သောသူများ ၊ ဆရာကြီးအလွန်လုပ်ချင်သူများ (ဥပမာ အဖွဲ့အစည်းတွေမှာ နေရာ အလွန်လိုချင်သူများ) ကို နားရင်းရိုက်ချင်လောက်အောင် မုန်းတီးသည်။

၁၀။ အသံများကိုလည်း အားလုံးမကြားပါ ( နားလေးနေခြင်းတော့မဟုတ်ပါ )။ ကြားချင်တာ ကြားပြီး မကြားချင်တာကို မကြားပါ။ ( သူငယ်ချင်းများက မင်းနားထဲမှာ Filter တပ်ထားသည်ဟုပြောလေ့ရှိသည်။ )

၁၁။ ထီထိုးခြင်းကို မုန်းသည်။ ( ထီထိုးမယ့်ပိုက်ဆံ ကို မုန့်စားတာ က ပိုအကျိုးရှိတယ်လို့ယုံကြည်မိသည် )။ ဒါပေမဲ့သူများထီပေါက်ရင်တော့ အားကျတတ်သည် ( ငါမထိုးမိတာ အမှားဆိုပြီး )

၁၂။ တစ်ခုခု ချိန်းထားလို့ သူများထက် ကိုယ် အရင်ရောက်ပြီး အချိန်မှီ ရောက်မလာရင် အတော်ဒေါသထွက်တတ်သည်။ (ရောက်လာရင် တစ်ခုခုနဲ့ကောက်ပေါက်ချင်အထိ စိတ်ပေါက်တတ်သည်။) နောက်တော့ကိုယ့်ကိုကိုယ်နောက်ကျလာ၍ ထိုစိတ်ပျောက်သွားပါသည်။

၁၃။ ငယ်ငယ်တုန်းက ခဏခဏ ကုတင်ပေါ်ကနေ ပြုတ်ကျသည်။ ( ဟီး ...အခုထိလည်း ခဏခဏ ပြုတ်ကျတုန်း )

ကိုဖိုးချမ်းက ကျတော့် စာကိုဖတ်ပြီး ဒီလူတွေကို လည်း tag လုပ်လိုက်ပါအုံး မေ့နေအုန်းမယ်ဆိုလို့ ကျတော်ကလည်း ၀မ်းသာအားရ tag လုပ်လိုက်ပါသည်။

1. အောင်ချမ်းလင့်း  http://aclmdy.blogspot.com
2. ကိုကျော်သူ - http://kyawthu.co.uk/mmblues/ (done)
3. ရှင်မင်း - http://shinmin-coffeecorner.blogspot.com/
4. Ko Kalvin - http://kalvinwebdiary.blogspot.com/
5. Ko Steven - http://stevenalexand.blogspot.com/
6. ကိုနေကြီး - http://www.konaygyi.blogspot.com/
7. ကိုဖောင်းဖောင်း - http://www.phoungphoung.blogspot.com/
8. ကိုဇော်မိုးအောင် - http://www.zawmoeaung.blogspot.com/
9. ညလေး - http://ainmetdiary.blogspot.com/ (done)
10.ဘာညာဘာညာ - http://barnyarbarnyar.blogspot.com/ (done)

ကျတော် အခုပို့စ်က စပြီး ပို့စ် ၁၀၀ ပြည့်သွားတယ်ဗျာ။ ကိုယ့်အကြောင်းလေးကိုယ်ဖေါ်ပြီး ပြည့်သွားတာပေါ့။ ရေးပေးကြတဲ့သူငယ်ချင်း များကိုလည်း ကျေးဇူးတင်ပါတယ်။ မြန်မာဘလော့ဂ်ကာ တွေရဲ့ချစ်စရာ စရိုက်လေးတွေပေါ့ဗျာ။

No comments: