Saturday, April 28, 2007

10 Weird things about zawmoeaung


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ ဇော်မိုးအောင် ဖြစ်ပါတယ်။


ဖိုးချမ်းနဲ့ မျိုးကျော်ထွန်းက Tag လုပ်ထားတယ်ဆိုလို့ ဘာများပါလိမ့်လို့ ၀င်ကြည့်လိုက်တော့ ကိုယ့်အကြောင်းကိုယ်ရေးရမှာကိုး.... ရေးဖို့စဉ်းစား လိုက်တော့ တော်တော်စဉ်းစားရခက်တယ်ဗျ ... ဖိုးချမ်းပြောသလို စာမေးပွဲစစ်နေရသလိုပါပဲ ... ကြိုးစားပမ်းစားရေးကြည့်လိုက်တဲ့အခါမှာတော့

၁။ ငယ်တုန်းက စက္ကူနဲ့အရုပ်တွေလုပ်ရတာကို တအားဝါသနာပါတယ် ...။ ကျောင်းပိတ်ရက်ဆိုရင် စက္ကူတွေ ကတ်ကြေးနဲ့ကိုက်၊ ကော်တွေကပ်၊ အရုပ်တွေလုပ် ... တစ်အိမ်လုံး ပွစာကျဲနေလို့ အရိုက်ခံရတာလည်း ခဏခဏပဲ ......

၂။ ကိုယ်မကျေနပ်လို့ မတည့်တော့တဲ့ လူတစ်ယောက်ကို ဘယ်အခြေအနေပဲရောက်ရောက် မဆက်ဆံချင်တော့ဘူး၊ အခေါ်အပြောလည်း မလုပ်ချင်တော့ဘူး .... ဘယ်လိုမှကို သူများက ညှိနှိုင်းပေးလို့ မရတော့ဘူး၊ အဲဒီလို ကလေးဆန်ဆန် အကျင့်ဆိုးကလည်း ရှိသေးတယ် ...။

၃။ အိပ်ပျော်နေရင် ယောင်တတ်တယ် ...။ အိပ်မက်မမက်တဲ့ည မရှိသလောက်ပဲ ...။ မနက်ကျလို့ အိပ်မက်ကို ဖေဖေ့ကို ပြောပြတိုင်း မင်းအိပ်မက်က အခန်းဆက်နဲ့ မက်တာလားတဲ့ ...။ အိပ်ရင်းနဲ့ ပါးစပ်က ယောင်ရင်တော့ အင်္ဂလိပ်လိုတွေ ပြောတယ်တဲ့ ...။ (သိဘူးလေ ... ကိုယ်ယောင်တာ ကိုယ်မှ မကြားရဘဲနော)

၎။ ဖေဖေက ဓနု၊ မေမေက မြန်မာလူမျိုးပါပဲ ...။ ကျွန်တော်ပုံက မျက်ရစ်မပါတော့ မသိတဲ့သူက တရုတ်လားလို့ မေးကြတယ် ...။ (ဒီလောက် အသားမည်းတာကို ...)

၅။ အလုပ်တစ်ခု လုပ်ရင် မြန်မြန်ပြီးချင်တယ် ...။ အေးအေးဆေးဆေး စဉ်းစားပြီး မလုပ်တတ်ဘူး ...။ ဒါကို မနာလိုမရှုစိမ့်သူတွေက စပ်စလူးခါလွန်းတယ်လို့ ပြောကြတယ် .. :P

၆။ ကလေးဘ၀တုန်းက တောင်ပေါ်ဒေသ အအေးပိုင်းမှာ နေလာခဲ့ပေမယ့် မန္တလေးရောက်မှ နွေရောက်လို့ပူနေရင် အေးတဲ့ ဆောင်းကို ရောက်ချင်ပြီး၊ မတရားအေးလွန်းတဲ့ ဆောင်းတွင်းကို ရောက်ပြန်ရင် ခပ်နွေးနွေးနွေရာသီကို ရောက်ချင်တဲ့ အူတိအူကြောင် အတွေးတွေလည်း ရှိတယ် ...။

၇။ အစားတစ်ခုခု စားတော့မယ်ဆိုရင် အရင်စားထားတဲ့ အစားနဲ့ မတည့်ပဲ ပွိုင်စင် ဖြစ်မှာကို အမြဲတမ်း သံသယ၀င်တတ်တယ် ...။ သေသွားရင်တောင် အစားတစ်လုပ်ကြောင့် သေသွားရှာတယ်လို့ အပြောခံရမှာ ကြောက်တယ် ....။

၈။ အခါအခွင့်သင့်လို့ Stage ပေါ်တက် သီချင်းဆိုရမယ်ဆိုရင်တော့ နေရာမရွေး၊ အချိန်မရွေး အရှက်မရှိ အသံဗြဲနဲ့ တတ်ဆိုတတ်တယ် ...။ ၀ါသနာကြီးတာကိုး ..

၉။ ရှူးရှူးပေါက်ရင်ပဲဖြစ်ဖြစ်၊ အီးအီးပါရင်ပဲဖြစ်ဖြစ် အိမ်သာအပေါက်ထဲကနေ လက်မည်းမည်းကြီး ထွက်လာမှာကို တွေးပြီး ကြက်သီးတွေ ဖြန်းကနဲ ထတတ်တယ် .... အဲဒါ ငယ်တုန်းက မလေးရှားစုန်းက ကြည့်ပြီးကတည်းကရင်းပေါ့ ....

၁၀။ ကွမ်းယာတွေ ပလဗျစ်စားပြီး ပါးစပ်ကမည်းမည်း၊ သွားကကျဲကျဲနဲ့ ကွမ်းတံတွေးတွေ ထွက်ကျကုန်မှာစိုးလို့ အောက်နူတ်ခမ်းကြီး အပြင်ကို ထုတ်ပြီး စကားတွေကို ဗလုံးဗထွေးပြောတတ်သူတွေကို သေအောင် သောက်မြင်ကပ်တယ် ....။

ကဲ ... ဒီတစ်ခါကိုယ့်အလှည့်ပေါ့ ... ဒုက္ခပေးလိုက် အဲ ... Tag လိုက်ဦးမယ် .... မရေးတဲ့သူတွေ အသားမည်းမည်း၊ သွားခေါခေါ၊ ချက်စူ ဗိုက်ပူမနဲ့ ညားပါစေသား .... :P

၁။ ကိုသခင်ကြီး
၂။ ကိုမောင်လှ
၃။ ကိုနေကြီး
၎။ ဝေမြင့်မော်
၅။ ကိုအောင်ချမ်းလင်း
၆။ S-Potato


No comments: