Saturday, April 28, 2007

တက်ကြရာဝယ်


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ TZA ဖြစ်ပါတယ်။


၀၁) မိမိ အားသာချက်မှာ ချို့ယွင်းချက် လုံးဝ မရှိဟု အသားလွတ် ထင်နေခြင်း
၀၂) မိမိ ချို့ယွင်းချက် မှာ အားသာချက် အလွန်များနေသည်ဟု ထင်နေခြင်း
၀၃) မိမိ ကိုယ်ကို ကောင်းအောင် ကြိုးစားမည်ဟူ၍ သီချင်းလုပ်ဆိုတတ်ခြင်း
၀၄) မိမိ ရရ ဖမ်းကိုင်လိုက်ရရင်တော့ဖြင့် ဟူ၍ အံကြိတ်ပြောတတ်ခြင်း
၀၅) မိမိ နှင့် ထိထိသည် ညီအမ ဖြစ်သည်ဟု ယခုတိုင် ထင်နေခြင်း
၀၆) မိမိ သာ အမိ၊ မိမိ သာ အဖ ဟူ၍ ဒွိလိင်ဖြစ်အောင် ကြိုးစားနေခြင်း
၀၇) မိမိ ကိုသာ ကိုးကွယ်ရာ ဆိုသည့်အတိုင်း မှန်ကြည့် ရှိခိုးတတ်ခြင်း
၀၈) မိမိ မမိမိ၊ ဒို့မသိ၊ အမြဲစည်းလုံးမည် ဟူသော ထုံးကို နှလုံးမူခြင်း
၀၉) မိမိ ခွိခွိ ထထကြည့် ဟူသော ငယ်ငယ်က စာများကို ယခုတိုင်မမေ့ခြင်း
၁၀) မိမိ နှင့် မည့်မည့် တို့၏ အသံထွက်ကွာခြားပုံကို လေ့လာနေခြင်း
--

အင်း.. မိမိနဲ့ ပျော်ပျော်ကြီး တက်ပြီး သကာလ၊ သူများ ဘလော့ဂ် သွားဖတ် ကြည့်တော့ အသေ အချာနဲ့ အတည် အပေါက်တွေ ရေးထားတာ တွေ့တယ်၊ ဆိုတော့ မဖြစ်သေး ပါဘူး ဆိုပြီး အောက်က အတည် အပေါက် ကွင်းစ ဟာသ မဟုတ်ပါ ကွင်းပိတ် ကို ထပ်ဖြည့် လိုက်ရ ပါတယ်။ ကိုယ့်ရဲ့ ခပ်ဆန်းဆန်း စရိုက်တွေ ဆယ်ခု တိတိ ဖြစ်ပါတယ်၊ ထပ်သိ ချင်ရင် နောက်အပတ် အထူးထုတ် ကို မျှော့..။

၀၁) အပေါင်း အသင်း သေမလောက် မက်ပါတယ်၊ သို့သော် စပြီး ခေါ်ပြော ရမှာ ရှက်ကိုး ရှက်ကန်း ဖြစ်တတ် ပါတယ်၊ ရင်းနှီး သွားရင်တော့ ရေပက်မဝင် ပါပဲ။

၀၂) လုပ်ရင် ဖြစ်မှန်း သိတယ်၊ သို့သော် ဖြစ်တိုင်း မလုပ်ပါ၊ တိုတို ပြောရရင် ပျင်းတယ်၊ ဟို ညီမလေးရဲ့ အမှတ်တရ တိုတို မဟုတ်ပါ၊ တကယ့် တိုတို ဖြစ်ပါတယ်။

၀၃) ကိစ္စ တခုကို စိတ်ပါ လက်ပါ လုပ်ဖို့ ခဲယဉ်းတယ်၊ သို့သော် လုပ်မိ ပြီဟေ့ ဆိုရင်တော့ ထမင်းမေ့ ဟင်းမေ့ ပါပဲ၊ စိတ်တိုင်း မကျ သ၍ နေရာက မထဘူး။

၀၄) ထမင်းဟင်းကို စိတ်ပါ လက်ပါ စားဖို့ ခဲယဉ်းတယ်၊ သို့သော် စားမိ ပြီဟေ့ ဆိုရင်တော့ အလုပ်ကို လှည့်တောင် မကြည့်ဘူး။ (ဟာသ မဟုတ်ပါ)

၀၅) အလုပ် သုံးလေးမျိုး ပြိုင်တူ လုပ်မှ လောကကြီး အလျင်ကို လိုက်မှီ မယ်လို့ ထင်နေတယ်၊ ဒါကြောင့် အိမ်သာ တက်ရင်း လက်သည်း ညှပ်တတ်တယ်၊ ရေချိုးရင်း သီချင်း ဆိုတတ်တယ်၊ ထမင်းစားရင်း မာကျောက် ရိုက်တတ်တယ်၊ အိပ်နေရင်း အိပ်မက် မက်တတ်တယ်၊ အချိန် လုံးဝ အလဟသ အဖြစ် မခံတဲ့ ခေတ်လူငယ် တယောက် ဖြစ်ပါတယ်။ (ဟူး..)

၀၆) နေကြာစေ့ ကြိုက်လို့ တစ်ကျပ်တန် အထုပ် ဝယ်တတ်တယ်၊ စားမကုန်ရင် သားရေကွင်းနဲ့ ပြန်ပိတ် ရမှာ မလိုလား တဲ့အတွက် တခါ ဖောက်ရင် အကုန် စားပစ်တယ်၊ အစပိုင်း စားတာ မြန်ပေမယ့် နောက်ပိုင်း အရှိန် ကျသွားရင် ဒါလေးတောင် မလုပ်နိုင်ဘူး ဆိုပြီး ကိုယ့်ကိုကိုယ် အားမလို အားမရ ဖြစ်မိတယ်။

၀၇) ဆောင်းတွင်း ဆယ်ဒီဂရီ သာသာပဲ ရှိတဲ့ ရာသီ ဥတု မျိုးကို သဘောကျ တယ်၊ ရေမချိုးဖို့ ဆင်ခြေကောင်း တစ်ခုပဲ။ အဲ၊ ချိုးမိ ပြီဟေ့ ဆိုရင်လည်း ရေချိုးခန်း ထဲက မထွက် တော့ဘူး၊ အပြင် ထွက်လာရင် ဘယ်တုန်းက မွေးသွားမှန်း မသိတဲ့ ကိုယ့်ခလေးတောင် ဘွဲ့ယူ နေပြီ။

၀၈) လေ့ကျင့်ခန်း လုပ်ရင် ကျန်းမာရေး နဲ့ ညီညွတ်တာ သိနေတယ်၊ သို့သော် ခုထိ ဘာမှ မယ်မယ် ရရ မလုပ် ဖြစ်ဘူး၊ တခါ တလေ စိက်ရူး ပေါက်ရင် ဒိုက် အခါ သုံးဆယ် ထိုးပြီး အဲဒီ နေရာ မှာပဲ မှောက်အိပ် သွားတယ်။

၀၉) အသက်နဲ့ မလိုက်အောင် စိတ်အစဉ်က နုပျို နေတယ် (အမ်)၊ ဒါကြောင့် သူငယ် နှပ်စား တွေနဲ့ ကစားလို့ ကောင်းတုန်း။

၁၀) အသက်နဲ့ မလိုက်အောင် အတွေး အခေါ်က ရင့်ကျက် နေတယ် (ဟမ်)၊ ဒါကြောင့် အဖိုးကြီး အဖွားကြီး တွေနဲ့လည်း တော်ကီ ပွားလို့ ကောင်းတုန်း။
--
ဖြစ်ချင်တော့ ဘဲကြီးနှစ်ဗွေ ကိုယ့်ကို တပြိုင်နက် ဒီလိုဒီလို တက်ကြတယ်၊ ဘာပဲ ဖြစ်ဖြစ်၊ ကိုယ်လည်း ဆက်တက် ဖို့ရန် တာဝန် ရှိတာမို့၊ ကိုင်း.. တက်လိုက် ကြစို့ သူငယ်ချင်း..။



No comments: