Monday, April 30, 2007

တက်ဟ… တက်ဟ…


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ ပုထုဇဉ် ဖြစ်ပါတယ်။


“တက်ဟ… တက်ဟ…” ဆိုတဲ့ ခေါင်းစဉ်ကို ကြည့်ပြီး နိုင်ငံရေးယောင်ယောင်၊ ဘာယောင်ယောင် အရေးများတဲ့ အဆိုးမြင်ဝါဒီ ငပုတစ်ယောက် ဒီတခါလည်း ကုန်ဈေးနှုန်းတက်တဲ့ အကြောင်း ငေါ့ပြီးရေးပြန်ပြီလို့ အထင်တော် မစောလိုက်ပါနဲ့ခင်ဗျာ၊ ဒီတခါ ကျွန်တော်ရေးမှာက နိုင်ငံရေးမပါပါ။ (တခြားရေးထားတာတွေ နဲ့စာရင် ပြောတာပါ။ ဒါပေမယ့် ကိုကလိုစေးထူးပြောသလို ရေအိမ်တက်တာကအစ နိုင်ငံရေးမို့ ဒီပို့စ်မှာလည်း နိုင်ငံရေး ပါးပါးကလေး ပါတယ်လို့ ပြောရင်လည်း ရနိုင်ပါတယ်၊ ဟဲ… ဟဲ…) အမှန်ကတော့ “tag ဟ၊ tag ဟ” လို့ပြောချင်တာပါ။


အခုတလော မြန်မာဘလော့ဂ်ရေးသူများကြား ရေပန်းစားနေတဲ့ Tag ဆိုတဲ့ ရွှေပေလွှာဆန်ဆန် ice-breaker ကစားနည်းတစ်ခုအကြောင်း ကြားဖူးကြမှာပေါ့၊ ကိုယ့်ဘလော့ဂ် tag အလုပ်ခံလိုက်ရရင် ကိုယ်က ကိုယ်နဲ့ပတ်သက်တဲ့ ထူးတာ၊ ရူးတာ၊ ကြောင်တာ ဆယ်ခုရေးပြီး တင်ရမယ်၊ ပြီးရင် ကိုယ့်မိတ်ဆွေ ဘလော့ဂ်ရေးသူများထဲက tag အလုပ်မခံရသေးသူ တချို့ကို ကိုယ်ကလိုက်ပြီး tag လုပ်ရမယ်၊ အဲဒီလိုနဲ့ ဘလော့ဂ် အသိုင်းအ၀န်းထဲမှာ မိတ်ဆွေများ ပိုမိုရင်းနှီးလာအောင်ပေါ့။ ဘယ်သူက စ လိုက်တယ်တော့ မသိပါ၊ အခုတော့ ဘလော့ဂ်မိတ်ဆွေများကြား သူ ‘တက်’ ကိုယ် ‘တက်’ နဲ့ အပြိုင်အဆိုင် ‘တက်’ လိုက်ကြတာ ကျွန်တော်ငပုကိုလည်း ဘော်ဘော် လင်းလက် က tag လုပ်သွားပါတယ်။ အဲဒါနဲ့ ဘာမှ ထူးထူးဆန်းဆန်းမရှိတဲ့ လူထဲကလူ ကျွန်တော်ပုထုဇဉ်လည်း ဆယ်ချက် မပြည့် ပြည့်အောင် ရှာကြံရေးလိုက်ပါတယ်ဗျို့…

(၁) ပု၏၊ သို့သော် နု၏။ :D စတာပါ၊ မနုတော့ပါ၊ OB၊ (အသံထွက်ဖတ်ပါ။)

(၂) လူပုသော်လည်း “မမီတဲ့ပန်းလို့၊ လောကမှာ မရှိသေး၊ မောင်တွေးကြံယူကာ၊ တံချူနဲ့ ချူရင် အလွယ်တကူပါ” ဆိုတဲ့ ကိုအံ့ကြီးရဲ့ သီချင်းတစ်ပုဒ်ထဲကလို ကျင့်သုံး၏။ (အရပ်ရှည်သူများကို ရည်းစားလိုက်ထားတယ်လို့ ဆိုလိုတာမဟုတ်၊ ငယ်ငယ်ကတည်းက ကြောင်အိမ်ပေါ်က ပုစွန်ခြောက်ဗူးကို အရပ်မမီသော်ငြား ခုံခု၍ ခိုးစားတတ်ကြောင်း ပြောတာပါ။)

(၃) လူပုသော်လည်း စိတ်တို၏၊ စိတ် ဘယ့်ကလောက် တိုလွယ်သလဲဆိုရင် နာမည်ကအစ ညင်သာတဲ့ ကိုကဒေါင်းညင်သာနဲ့ ရန်ဖြစ်ဖူးတယ်၊ ခင်သန်းနုနဲ့ ဇင်ဇင်ဇော်မြင့် ဘယ်သူပိုချောသလဲလို့ ငြင်းရင်းနဲ့... ဟဲ… ဟဲ…။ ဗျာ… ကျွန်တော်က ဘယ်ဘက်ကလဲ… ဟုတ်လား… မေးတတ်ပလေဗျာ၊ ခင်သန်းနုဘက်ကပေါ့ဗျ၊ အရှင်းကြီးပဲ ;) ကိုကဒေါင်းရေ ဆက် ‘ဖိုက်’ ဦးမလား… :))

(၄) စိတ်တိုသော်လည်း စိတ်ဆိုးပြေလွယ်၏၊ (လက်ဖက်ရည်တစ်ခွက်နဲ့ ချော့ရင်ဖြစ်တယ်၊ မုန့်ပါရင် ပိုကောင်းတယ် ဟီး။)

(၅) လက်ဖက်ရည်အလွန်ကြိုက်၏။ မြန်မာပြည်ပြန်ရောက်တိုင်း လေဆိပ်ကနေ အိမ်မရောက်ခင် လက်ဖက်ရည်ဆိုင်ထိုင်ရမှ ကျေနပ်တယ်။ ဒီကဆိုင်တွေမှာ သောက်ရတာနဲ့ ဘယ်လိုမှ အရသာမတူဘူး။

(၆) မေ့တတ်၏။ မေ့ပုံများကတော့ တခါက မျက်မှန်ကို တပ်ထားပြီး ပျောက်လို့လိုက်ရှာဘူးတယ်။

(၇) အလှမ်းကျယ်၍ အလယ်လပ်တတ်၏။ ကိုယ့် မွေးသမိခင် ကျေးဇူးရှင်ရဲ့ မွေးနေ့ကို ကောင်းကောင်းမမှတ်မိလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့နဲ့ ဘယ်နှစ်လနဲ့ ဘယ်နှစ်ရက်ခြားတယ်ဆိုပြီး မှတ်ခဲ့ရဖူးလို့ ကိုယ့်ကိုကိုယ် အပြစ်ပေးတဲ့အနေနဲ့ အမေ့မွေးနေ့ရက်စွဲကို အခါငါးရာ ကူးရေးဖူးတယ်။

(၈) အာကျယ်၏။ ပန်းချီကို အတန်အသင့် စိတ်ဝင်စားလို့ ဗန်ဂိုးက ဘယ်လို၊ မိုနေးက ဘယ်ဝါ၊ ပေါ်ဦးသက်က ဘာညာ စသဖြင့် ငြင်းတတ်သော်လည်း ကိုယ်တိုင်ကျတော့ ၀လုံးတောင် ၀ိုင်းအောင်မရေးနိုင်ဘူး။

(၉) ဂစ်တာတီးတော်၏။ ကြွားတာ၊ လမ်းဘေးအုတ်ခုံမှာ တီးဝိုင်းဖွဲ့လိုက်တိုင်း ဂျေညီညီရဲ့ ပလက်ဖောင်းရှိုး သီချင်းထဲကလို ပျိုပျိုမေ တံခါးဆောင့်ပိတ်ပိတ်သွားလို့ ကျွန်တော့်ကို အဖွဲ့က “ခေါက်ပြန်” လို့ နာမည်ပေးခဲ့ဖူးတယ်။ ကျွန်တော် ဂစ်တာစခေါက်လိုက်တာနဲ့ အားလုံးတပ်ခေါက်ပြီး ပြန်ပြန်သွားရလို့။

(၁၀) ဘူ။ (စဉ်းစားလို့မရတော့လို့ ဇာတိပြသွားတာ။)

ဘယ်သူတွေကို tag မလဲဆိုတာတော့ စဉ်းစားလိုက်ဦးမယ်၊ အခုတော့ သွားရတော့မယ်။ “နောက်တစ်ပတ်၊ ဒီနေ့၊ ဒီအချိန်မှာ ဆုံကြဦးမယ်လေ၊ ပျော်ပျော်ပါးပါးပေါ့…”

စာကြွင်း ။ ။ ဘယ်သူ့ကို tag ရမလဲဆိုတာ စဉ်းစားလို့ ရသွားပြီ၊ ကိုယ်တိုင်က tag အလုပ်ခံရတာ နောက်ကျတော့ ကျန်တဲ့ ကိုယ်သိသူတွေ အားလုံးနီးပါးက tag လုပ်ပြီးနေပြီ၊ နောက်ထပ် ခြောက်ယောက် ဟုတ်လား၊ ခြောက်ယောက် မကဘူး၊ ခုနစ်ယောက်၊ ခုနစ်ယောက် တိတိ tag လုပ်ပစ်လိုက်မယ်၊ ရေးချင်မှတော့ ရေးမှာ၊ သူတို့ ဘလော့ဂ်တွေမှာ post အသစ်မတက်တာ တော်တော်တောင်ကြာပြီ။ ဘာပဲ ဖြစ်ဖြစ် လာလေရော့ "မျောက် ခုနှစ်ဖော်" တို့ရေ၊ ခင်ဗျားတို့ အကြောင်း တစ်ယောက် ဆယ်ချက်နဲ့ အချက် ခုနစ်ဆယ် ရေးကြစေသော်ဝ်။

No comments: