Saturday, April 28, 2007

10 weird things about gyit tu


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ ဂျစ်တူး ဖြစ်ပါတယ်။

တက်စလာဆိုတဲ့ စာအုပ်မပါဘဲ အီးအီးမပါတတ်သူတယောက်ကြောင့် tag ဆိုတဲ့ ကစားနည်းတခုထဲ ဂျစ်တူး ရက်ကန်ရက်ကန်နဲ့ ပါလိုက်ရပါတယ် ။ အဲဒါကတော့ ကိုယ်နဲ့ပတ်သက်တဲ့ ထူးဆန်းတဲ့ အကြောင်းအရာ ၁၀မျိုးရေးချရမယ် ။ ပြီးတော့ လူနောက်ထပ် ၆ယောက်ကို ရေးခိုင်းရပါမယ်တဲ့ ။

(၁) စိတ်အလွန်တိုသောအခါ နီးရာ ပစ္စည်းများကို ပစ်ခွဲတတ်သည် (အဲလို violent ဖြစ်တာ ။ ဝေးဝေးက ရှောင်ကြ) ။ မလုပ်နဲ့လို့ လူတွေကလာပြောရင် လုပ်ဖြစ်အောင် လုပ်သည် ။ လုပ်ပါလို့ လာပြောရင် လုပ်လက်စတောင် ရပ်ထားလိုက်သည် (အဲဒါကြောင့် ဂျစ်တူးဟု ခေါ်ပါသည်) ။

(၂) ငရဲ နတ်ပြည် ရှိတယ်ဆိုတာ ဘယ်လိုအထောက်အထားများကြောင့် ပြောကြသလဲ ၊ လူဆိုတာ ဘယ်လိုဖြစ်လာသလဲဟု အမြဲတွေးမိပါသည် ။

(၃) ယောက်ျားတယောက်ကို သတိထားမိလျှင် ပထမဆုံး သူ့ အရပ်အမောင်းကို ကြည့်တတ်သည် ။ ၆ပေနီးပါး ရှည်သောသူတယောက်ကို အရပ်ရှည်ခြင်းဟူသော တခုတည်းသော အရာကြောင့် ရည်းစားအဖြစ် ထားဖူးပါသည် ။

(၄) ခပ်ကြောင်ကြောင် (ဘယ်တော့မှ ဖြစ်မလာနိုင်သော) ရည်မှန်းချက်တချို့မှာ .. အရပ်ရှည်ချင်ခြင်း ၊ စစ်တိုက်ချင်ခြင်း ၊ စာရေးဆရာမ လုပ်ချင်ခြင်း ၊ ကမ္ဘာအဆင့်မှီ ဖက်ရှင်ရှိုးတခုတွင် လမ်းလျှောက်ချင်ခြင်းတို့ ပါဝင်ပါသည် ။

(၅) ရည်းစားနှင့် လမ်းခွဲရန် စပြီးပြောသူ အမြဲဖြစ်ရမည်ဟု သံဓိဌာန်ချထားသည် ။ (အသဲကွဲမခံချင်သော အတ္တစွဲ)

(၆) အိမ်သာတခါတက်လျှင် အနည်းဆုံး မိနစ် ၂၀ ကြာပါသည် ။ အများဆုံး ၁နာရီကြာဖူးသည် (ဖတ်နေတဲ့စာအုပ် ကောင်းလွန်းလို့)။ မနက်တိုင်း မတက်ဖြစ်လိုက်လျှင် အလုပ်ရောက်သောအခါ နေမထိ ထိုင်မသာဖြစ်တတ်သည် ။ အိမ်သာထဲထိုင်နေတုန်း အိမ်သာခေါင်းထဲမှ မြွေထွက်လာလေမလားဟု စိုးရိမ်တတ်သည် (စင်္ကာပူမှာ တချိန်က မြွေတကောင် အိမ်သာ ပိုက်လိုင်းကနေ တက်တယ်ဆိုတဲ့ သတင်းဖတ်ပြီးတည်းက) ။

(၇) မိန်းမဖြစ်ပြီး မိန်းမမဆန်သောအကြောင်းအရာများ... ဟားတိုက်ရီတတ်ခြင်း ၊ အသံကျယ်ကျယ် စကားပြောခြင်း ၊ မိတ်ကပ် လိမ်းရမှာ အလွန်ဝန်လေးခြင်း ၊ နှုတ်ခမ်းနီ လုံးဝမဆိုးခြင်း (သို့သော် နှုတ်ခမ်းအလှဆီ မပါလျှင် လုံးဝမနေတတ်ခြင်း) ၊ ပန်းမပန်တတ်ခြင်း ၊ ပန်းစည်းပေးခံရလျှင် စိတ်ညစ်တတ်ခြင်း (ဘာလို့လဲဆိုတော့ ဒီအတိုင်းနဲ့ ညှိုးသွားရတဲ့ ပန်းတွေကိုကြည့်ပြီး သူတို့အတွက် နှမြောလို့) ၊ ရွှေ စိန် လက်ဝတ်ရတနာ ၀တ်ရမှာ အလွန်ဝန်လေးခြင်း ၊ တနေ့လျှင် ၈နာရီအိပ်ချိန်မပြည့်လျှင် လူတိုင်းကို စိတ်မရှည်ခြင်း ။

(၈) ၀တ္ထုတအုပ်ဖတ်လျှင် မပြီးမချင်း ထိုင်ရာမှမထ ၊ ထမင်းလည်းမစားဘဲ ဖတ်တတ်သည် (Agatha Christie လို စုံထောက်ဝတ္ထုလိုမျိုးဆို ပိုတောင်ဆိုးသေး) ။

(၉) ၀င်းဒိုးရှော့ပင်း လုံးဝမထွက်တတ် ။ ပိုက်ဆံရှိမှ ရှော့ပင်းထွက်သည် ။ ထွက်တိုင်းလည်း တခုခုပါမှ ကျေနပ်သည် ။ တခါတလေ ကိုယ်ကြိုက်တာ မတွေ့ ရင်တောင် ၊ အချိန်ကုန်ခံ ရှော့ပင်းထွက်ရ ပင်ပန်းတာ ကိုက်အောင်ဆိုပြီး တွေ့ ရာပစ္စည်းတခုဝယ် ၊ နောက်ရက်တွေကျ မကြိုက်လို့ဆိုပြီး ချောင်ထဲထိုးထားတတ်သည် (အခုတော့ အဲလိုမဖြစ်အောင် ကြိုးစားနေသည်) ။ ဆိုင်တဆိုင်ပြီးတဆိုင် ၀င်လိုက် ထွက်လိုက်လုပ်ရတာ သိပ်ပျင်းသည် ။ အမြန်ဆုံးဝယ်နှုန်း - ၁၀မိနစ်အတွင်း ဖိနပ်၂ရံ ။

(၁၀) ဘယ်လောက်ပဲ ပင်ပန်းပါစေ... ရေမချိုးဘဲ အိပ်ရာထဲ မ၀င်တတ် ။ အိပ်ရာပေါ် အပြင်မှ ပစ္စည်းများ ဘယ်တော့မှမထားတတ် ။

ကဲ...ကျွန်မ tag လိုက်တဲ့ လူတွေကတော့...

- ကျော်ဇေယျ
- စိုးဇေယျ
- CMS (ချမ်းမြစိုး)
- မျိုးကျော်ထွန်း
- လင်းလက်ကြယ်စင်
- ကိုကလိုစေထူး

ဒီကစားနည်းလေးဖြစ်မြောက်သွားအောင် ရေးကြပါနော်း)

No comments: