Saturday, April 28, 2007

လူတွေမသိတဲ့ ကိုယ့်အကြောင်းတစေ့တစောင်း


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ အိမ့်ချမ်းမြေ့ ဖြစ်ပါတယ်။

ကိုယ့်အကြောင်းလူသိမှာကြောက်ပါတယ်ဆိုမှ ကိုတက်စလာကောင်းမှုကြောင့် www တစ်ခုလုံးသိတော့မှာပါလားနော်..
ကဲ..စပါပြီ။

၁။ ဈေးဝယ်ထွက်ရတာ မကြိုက်တဲ့ ရှားရှားပါးပါးမိန်းမထဲမှာ ကျမ ပါတယ်။ ၀ယ်ရမယ့် ဆိုင်ဆီကိုတန်းတန်းမတ်မတ်သွားပြီး လိုတဲ့ပစ္စည်းဝယ်ပြီးတာနဲ့ မောလ်ထဲက ချက်ချင်းထွက်လာတာပဲ။ ရေမွှေးနံ့၊ လူနံ့တွေနဲ့ ပစ္စည်းနံ့တွေကို မခံနိုင်လို့။ သူငယ်ချင်းတွေနဲ့ အမတွေ၊ညီမတွေနဲ့ ဈေးဝယ်ထွက်တာ လိုတာထက်ကြာတာနဲ့ သူတို့တွေ ဇက်ကြောတွေတက်လွန်းတဲ့ ကျမကို ၀ိုင်းပြီးနှိပ်နယ်ပေးရတော့တာပါပဲ။

၂။ ဗင်ကူးဗား ကျွန်းပေါ်ကို နွေရောက်တိုင်း အနဲဆုံး တစ်နှစ်တစ်ခါတော့ သင်္ဘောနဲ့သွားတယ်။ ၃နာရီပတ်ဝန်းကျင်ကြာတဲ့ ခရီးစဉ်မှာ ဘယ်လောက် အေးအေး၊ လေတိုက်တိုက်၊ မိုးရွာရွာ၊ မြူထထ၊ သင်္ဘောထဲမှာ မစီးပဲ ကုန်းပတ်ပေါ်မှာပဲ လေပြင်းပြင်းထဲမှာ ထိုင်စီးတယ်။

၃။ ကိုယ့်တိုင်းပြည်၊ ကိုယ့်စကားရှိရဲ့သားနဲ့ သူများထူထောင်ပြီးသားတိုင်းပြည်မှာ လာနေနေရတာ၊ ကိုယ့်စကားမဟုတ်တဲ့ စကားကိုပြောနေရတာကို ရှက်တယ် (သိပ်စီး၇ီးယစ်ဖြစ်သွားလားမသိဘူး။ ရင်ထဲရှိရာပြောလိုက်တာပါ။ ဒါဆိုဘာလို့ မပြန်လဲလို့တော့ မမေးပါနဲ့နော်၊ အဖေနဲ့ အမေလွှတ်လိုက်လို့ ရောက်လာရာက၊ သူတို့ပါရောက်လာကြပြီး မပြန်ဖြစ်သေးတာပါ)။ မြန်မာပြည်မြေပုံကို ပိုက်ဆံအိတ်ထဲ အမြဲထည့်ထားတယ်။ ဘားမား၊ မြန်မာပြည်ဆိုလိုက်တိုင်း လူတွေက ဘာမြူဒါလား၊ ကျွန်းသေးလေးတစ်ခုလားလို့ မေးကြလွန်းလို့။ မြေပုံကိုထုတ်ပြဖို့ သွားလေရာသယ်တာပါ။

၎။ ပတ်ဝန်းကျင်မှာ လူတွေစကားတွေအများကြီး ကိုယ့်အလှည့်မစောင့်ဘဲ တစ်ယောက်တစ်ပေါက်ပြောရင် ရင်တွေတုန်ပြီး ခေါင်းတွေမူးလာတတ်တယ်။

၅။ နွေရောက်လို့ ပင်လယ်ကမ်းစပ်မှာ သူများတွေ ဘီကီနီလေးတွေနဲ့ နေစာလှုံချိန်၊ အိပ်နေကြချိန်မှာ ကျမကတော့ ကမ်းစပ်က အရိပ်ကောင်းတဲ့ သစ်ပင်တစ်ပင်အောက်မှာ သဲတွေပေါ်မှာ ဂွမ်းစောင်ထူထူခြုံပြီး အိပ်လေ့ရှိတယ်။

၆။ လူခြေတိတ်ဆိတ်တဲ့ နယ်မြို့လေးတွေဆီ ခရီးထွက်ရတာကြိုက်တယ်။ ဥပမာ ထမင်းဆိုင်ပိုင်ရှင်၊ တက္ကဆီမောင်းသမား၊ စသူတို့နဲ့ သူတို့ဘ၀ အတွေ့အကြုံတွေ တမော့တမောပြောရတာကြိုက်တယ်။

ရ။ ကိုယ်ကြိုက်တဲ့ သီချင်းတိုင်းဟာ ထူးဆန်းလွန်းစွာ နံပါတ်ရှစ်တွေ ဖြစ်နေတတ်တယ်။

၈။ ထမင်း၊ဟင်းမချက်ခင် မီးဖိုချောင်စင့်၊ ဘီဒိုတံခါး၊ ကရွတ်ခွေစသည်ကို သန့်ရှင်းတာလွန်ပြီး မောသွားတာနဲ့ ထမင်းဟင်းချက်တဲ့ဆီ မရောက်တော့ပါ။..အဲ…ဟို..ရေချိုးခန်းဝင်ရင်လဲ ကောင်တာတွေ၊ ဘာတွေ၊ ဆေးနေတာနဲ့ လိုရင်းကိစ္စမေ့သွားတတ်တယ်။ (ကိုတက်စလာရော၊ မဂျစ်ရော မကောင်းဘူး)

၉။ အသက်အရှည်ကြီးနေချင်တဲ့ လူတွေထဲမှာ ကျမ မပါဘူး။ ပတ်ဝန်းကျင်ကို ပေးကမ်းဝေမျှ၊ contribute လုပ်နိုင်မှုကုန်ဆုံးသွားချိန်မှာ ဒီလောကထဲက ထွက်ခွာသွားချင်ပြီ။

၁၀။ အမြဲတမ်းလုပ်ချင်ပေမယ့် ဘယ်တော့မှ မလုပ်မယ့် အရာတစ်ခုကတော့ ခရီးနှင်နေတဲ့ သင်္ဘောတစ်စီးရဲ့ ကုန်းပတ်ပေါ်မှာ ဆေးလိပ်သောက်ခြင်းပါပဲ။

အဆစ်ထပ်ထည့်လိုက်ဦးမယ်။ အရာရာကို အလေးအနက်ထားတတ်ပေမယ့် sense of humour ရှိပါတယ်။ သူများတွေရဲ့ ရယ်စရာကို စိတ်ပါလက်ပါ ရယ်ပေးပေမယ့် များသောအားဖြင့် ကိုယ့်ဟာသတွေကတော့ သူများတွေအတွက် ရယ်စရာမကောင်းဘူး ဖြစ်နေတတ်တယ်ထင်တယ်။ တခါက အိပ်မက်မှာ ဟာသတပုဒ်ရေးတာ စာဖတ်သူ တယောက်က ကွန့်မင့်ပေးသွားတယ်။ လုံးဝမရယ်ရဘူးတဲ့။ ဒါနဲ့ပဲ ဟာသများဆိုတဲ့ ဂဏကနေ အဲဒီပို့စ်ကို ကိုယ်တိုင်ပဲ ဖယ်ပစ်လိုက်တယ်။

ကဲ ကျမ tag လုပ်သူတွေကတော့
ကိုသန့်ဇင်
ကိုညီညီ(သံလွင်)
မထက်ရည်မွန်
တို့ပဲဖြစ်ပါတယ်……..

No comments: