Sunday, April 29, 2007

Tag ဂိမ်း တဲ့ဗျာ


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ ကိုဖြိုး ဖြစ်ပါတယ်။


ညီညီက ဘယ်ကဘယ်လို ရှာဖွေနှိပ်စက်လိုက်သလဲ မသိပါဘူး။ ညီညီ က ကျွန်တော့်ကို tag လုပ်လိုက်တယ်ဆိုတော့ ဘာလဲပေါ့ဗျာ။ ဒီလိုနဲ့ ဟိုစပ်စုဒီစပ်စုပြီး ကျွန်တော့်ဘာသာ ပြန်လည်ထုဆစ်လိုက်တော့ …
ကဲဗျာ .. မနည်းကြီး စဉ်းစားယူထားရတဲ့ 10 weird things about me ဟောဒီမှာ ...

၁။ ခေါင်းစားမဲ့ ကိစ္စတွေကို တမင်တကာလိုက်လိုက်ရှာတတ်တယ်။ တွေ့ပြန်တော့လည်း ဟိုလိုလို ဒီလိုလိုနဲ့ မသိချင်ယောင်ဆောင်နေတတ်တယ်။ (ကိုယ်လုပ်ချင်မှ ထလုပ်မှာပေါ့နော် … )

၂။ ကိုယ်လုပ်ချင်တာ လုပ်တတ်သလို ကိုယ်မှန်တယ်ထင်လို့ကတော့ ယမမင်းရဲ့ နှဖူးကိုတောင် လက်သီးနဲ့ ထိုးမယ့်ကောင်။ (ဒီလိုနဲ့ ပြန်မတွေးချင်တော့တဲ့ နောင်တတွေတစ်ပုံတပင်နဲ့ … )

၃။ အရမ်းပျင်းတတ်တယ်ဗျ။ ထမင်းစားရမှာလဲ ပျင်းတယ်။ အိပ်ရမှာလဲ ပျင်းတယ်။ … … … ပျင်းတယ်။ တစ်ခါတခါဆို အသက်ရှင်နေရတာတောင် ပျင်းတယ်။

၎။ Sport Car လေးတစ်စီးလောက် စိတ်တိုင်းကျဆင်ပြီး ကောင်မလေးတစ်ယောက်လက်ကိုဆွဲ တအားပဲမောင်းထွက်သွားချင်မိတယ်။ (ဖြစ်နိုင်ရင် နှစ်ယောက် သုံးယောက်လောက်ပေါ့နော်)

၅။ အရာရာကို တစ်ခါတခါ အကောင်းချည်းမြင်နေတတ်သလို တစ်ခါတခါတော့လည်း အဆိုးတွေပဲ မြင်မြင်နေမိတယ်။ (တစ်ခါတခါတော့လည်း မကောင်းမဆိုးလေးပဲ မြင်ကြည့်ချင်မိတယ်။)

၆။ ဘ၀မှာ လုပ်ချင်နေတာတွေ အများကြီးရှိတယ်။ မလုပ်ချင်တော့တာတွေလဲ အများကြီးရှိတယ်။ (ဘာတွေလုပ်ဖြစ်ပြီး ဘာတွေ မလုပ်ဖြစ်မလဲဆိုတာကို ပတ်ဝန်းကျင်ကပြောကြပါလိမ့်မယ်။)

၇။ အော်ဂလီဆန်အောင် မုန်းခဲ့တဲ့သူတွေကိုလည်း ခွင့်လွှတ်နိုင်ခဲ့ပါတယ်။ (အချစ်ကြီးချစ်ခဲ့သူတွေကိုတော့ မစွန့်လွှတ်နိုင်သေးဘူး။)

၈။ ဖြစ်နိုင်မယ်ဆို ပါးစပ်ကို ပိတ်လို့ရတဲ့ သော့တစ်ချောင်းလောက်လိုချင်ပါတယ်။ (အမှန်တရားဆိုပေမယ့်လည်း မပြောသင့်ခဲ့တဲ့ အချိန်တွေက ရှိရှိနေတတ်တယ်။)

၉။ နှလုံးသားရဲ့ ဓမ္မအတွက် ဗုဒ္ဓကို တစ်သံသရာစာ ကျေးဇူးတင်မိပါတယ်။ (အခုထိ မလွှတ်မြောက်ချင်မိသေးတဲ့အတွက်လည်း စိတ်ပျက်မိပါရဲ့)

၁၀။ ကျွန်တော် အသက်ကို လောကကြီးသုံးပါးအတွက် ရှင်သန်ခွင့်ရချင်ပါတယ်။ (မကောင်းဆိုးဝါးတစ်ကောင် အဖြစ်နဲ့ပဲဖြစ်ဖြစ်)

ကျွန်တော်ကတော့ ရေးပြီးသွားပြီ သူများတွေကို လိုက်ဒုက္ခပေးကြည့်လိုက်ဦးမယ်...

ကျွန်တော့်ကို စိတ်ဆိုးမယ်မထင်လို့ ဟောဒီသုံးယောက်ကို မစလိုက်ပါတယ်။
မစ္စတာ ပရိုဂရမ်မာ
နိုင်းနိုင်းစနေ
မေ



No comments: