Saturday, April 28, 2007

ဘလော့ဂါများ တက်ကုန်ကြပြီ


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ မျက်လုံး ဖြစ်ပါတယ်။


အခုတလော မြန်မာဘလော့ဂါစာအုပ်ထဲများ ကိုယ်တိုင်ရေးစာမူလေး တစ်ပုဒ်တစ်လေပါတန်ကောင်းရဲ့ ဆိုပြီး Post ရေးဖို့ ဦးနှောက် မီးတောက်အောင် စဉ်းစားနေရတဲ့အထဲ ကိုကျော်ဇေယျ ကောင်းမှု၊ ကိုတက်စလာ အစပြုမှုတို့ကြောင့် ကျွန်ုပ် မောင်မျက်လုံးမှာ သူများ Tag Game ဆိုလို့ ခါတော်မှီ လိုက်လံ Tag Game လိုက်ရပြန်ချေသည်တမုံ့။


ကျွန်ုပ်မောင်မျက်လုံးသည် လကုန်ရက်နှင့် တနင်္ဂနွေနေ့တွင်သာ ဆံပင်ညှပ်ခြင်း အကျင့်ကို စွဲမြဲစွာ ကျင့်ကြံသူဖြစ်ပါသည်။

မိန်းကလေးများကို ဂေါ်ချင်သည့်အခါတွင် ဘယ်သူမှ မခေါ်ပဲ တစ်စုံ တစ်ဦးကခေါ်၍ လှည့်ကြည့်သည့် ပုံစံမျိုးဖြင့် အဆိုပါမိန်းကလေးများ ဘက်သို့ လှည့်လှည့် ကြည့်တတ်သူဖြစ်ပါသည်။

မိတ်ဆွေများထံမှ ပိုက်ဆံချေးချင်သည့်အခါမျိုးတွင် အဆိုပါမိတ်ဆွေ၏ ကောင်းကြောင်းကိုပြော၍ ချေးသည့် လမ်းဟောင်းကြီးကို မနှစ်သက်ရကား ကျွန်ုပ်သည် ဘယ်မိတ်ဆွေ၏ ကြီးဒေါ်ကြီး မကျန်းမာသဖြင့် ငွေ ဘယ်နှစ်သောင်းမျှ ချေးငှားလိုက်ရကြောင်း၊ သိပ်မကြာသေးခင်က မိတ်ဆွေတစ်ယောက် ကျောင်းစရိတ်လိုသဖြင့် ငွေဘယ်ရွေ့ဘယ်မျှ စိုက်ထုတ်ပေးထားရကြောင်း စသည်ဖြင့် မိမိကိုယ်ကို စေတနာ့ရှင် ကြီးပုံစံမျိုးပြော၍ မိတ်ဆွေလည်း အကျွန်ုပ်ကဲ့သို့ ကုသိုလ်ရလိုပါက ကျွန်ုပ်၏ ကုသိုလ်ကို ရှယ်ယာ ၀င်နိုင်ကြောင်းပြော၍ ချေးငှားခြင်းအမှုကို ပြုတတ်သူဖြစ်ပါသည်။

မိတ်ဆွေများနှင့် စားသောက်ဆိုင်စသည်တို့တွင် စားသောက်နေစဉ်အတွင်း ဘယ်ဆိုင်မှာ စားတုန်းက ဘယ်လို စားကောင်းသောက်ဖွယ်တို့ကို စားခဲ့သည့်အကြောင်း မစားရ၀ခမန်းပြောကာ ပြန်ရန်အချိန်တန်သော်လည်း မပြန်နိုင်ပဲ မနေနိုင်၍ တစ်ယောက်ယောက်က Bill တောင်းသည့်အခါမျိုးတွင် ရေအိမ်ဝင်နေတတ်သူဖြစ်ပါသည်။

ဘတ်စ်ကားပေါ်တွင် ကောင်မလေးချောချောလေးများ အနီးတွင်သာ နေရာယူတတ်သူဖြစ်ပါသည်။

မိတ်ဆွေများနှင့် လက်ဘက်ရည်ဆိုင်တွင် ထိုင်ရန်၊ အာရိုက်ရန် ရှိသည့်အခါမျိုးတွင် အိမ်ရှိ ကျမ်းကြီးကျမ်းခိုင်အသွယ်သွယ်တို့မှ စာကြီးပေကြီးများကို နှစ်ပိုဒ်သုံးပိုဒ်ခန့် အရကျက်၍ ဆိုင်တွင် မိတ်ဆွေများကို ငယ်ငယ်တုန်းက ဖတ်ခဲ့တဲ့ စာလေးတွေ မှတ်မိသေးတယ်ဟူ၍ စကားအတင်းစပ်အောင် ပြောကာ ရွတ်ပြတတ်သူဖြစ်ပါသည်။

ကျွန်ုပ်သည် အဆင်ပြေကြီးပွားနေသည့် မိတ်ဆွေများထံသို့ မကြာခဏဆိုသလို မျက်စိလည်လမ်းမှားကာ ရောက်ရှိသွားတတ်သော်လည်း အဆင်မပြေနွမ်းပါး နေသူ မိတ်ဆွေများ၏ လိပ်စာ စာအုပ်မှာ အမြဲတမ်း ပျောက်နေတတ်ပါသည်။

ကျွန်ုပ်သည် ရုပ်ရှင်ကြည့်သည့်အခါတွင် အင်္ဂလိပ်စကားကျွမ်းကျင်သည့် မိတ်ဆွေများနှင့် အတူတူသွားကြည့်၍ သူတို့ဘာသာပြန်ပြောပြသည့်အခါတွင် ခပ်တည်တည်နှင့် ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ရုပ်ရှင်ပြီးသည့်အခါတွင်မှ မင်းရဲ့ အင်္ဂလိပ်စာ အဆင့်တော်တော်တိုးတက်လာတာပဲ၊ ငါရုပ်ရှင်ကြည့်တဲ့ တစ်လျှောက်လုံး နားထောင်နေတာ မဆိုးပါဘူး စသည်ဖြင့် ဆုံးမသွန်သင်ပေးလေ့ရှိပါသည်။

ကျွန်ုပ်သည် ဂီတနှင့်ပတ်သတ်လျှင် ဦးမိုးစက်၊ ဦးဘတ်တို့၏ တက္ကနိုမြူးဇစ်မှသည် ဒေါ်လီပါတန်(ဒေါ်လေဘာတီ၏ တပည့်အရင်း ခေါက်ခေါက်)၊ ဒေါ်ရိုသေ ဒန်ဒရိတ် တို့၏ Emo/Scremo ဂီတအထိ ထုံးလိုချေ ရေလိုနှောက် ချောက်ချားစေနိုင်စွမ်း ရှိသူဖြစ်သည်။

ကျွန်ုပ်သည် ကျွန်ုပ်တွင် ဇနီးနှင့် သားယောင်္ကျားလေးတစ်ဦးရှိကြောင်းကို ကျွန်ုပ်၏ဘလော့ဂ်တွင် မည်သည့်အခါမှ မည်သည့်အကြောင်းနှင့်မှ မရေးရန် ဆုံးဖြတ်ချက်အခိုင်အမာ ချထားသူဖြစ်ပါသည်။ (စုံစမ်းမေးမြန်းခြင်းသီးခံပါ)



ယခုကဲ့သို့ ဘလော့ဂ်ပေလွှာပေါ်တွင် ကျွန်ုပ်၏ မတော်တရော်၊ လူသိခံ၍မဖြစ်သော အချက် ၁၀ ချက်ကို ရေးသားပြီးသကာလ အများပြည်သူ အပေါင်း စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာ တက်နိုင်စေခြင်းအလို့ငှာ မည်သူ့ကို အဆင်းဘီးတပ်၍ အချွန်နဲ့မကာ မီးလောင်ရာလေပင့်၊ ဘူးလေးရာ ဖရုံဆင့်စေပြီး -ူရာ-ဲစွဲ၊ လဲရာမှာ သူခိုးကထောင်းခိုင်း မြေနိမ့်ရာမှာ လှံစိုက် စိတ်ကြိုက်ကြီး ဒုက္ခပေးဖို့ရာ စဉ်းစားလိုက်စဉ် ကျန်နေတဲ့သူများကတော့

မလေးရှားက သူဌေးသားလေး ကိုသန့်ဇင်အောင် (ဖားထားတာ၊ ဖားထားတာ)

ကိုသန့်ဇင်အောင် ဆောဒီး။ ကိုကျော်ဇေယျတက်ထားတာမေ့သွားလို့ပါဗျာ။

ကိုရွှေမြတ်ကိုပဲ တက်လိုက်တော့မယ်။

စင်ကာပူ အန္တရယ်ဇုန်က အင်မတန် တကယ်စုံတဲ့ ကိုဇင်ကိုလတ် (ဘာတွေ စုံလဲ အဲဒီ အစ်ကိုကြီးပဲ မေးကြည့်နော်။ ကျွန်တော်လည်း မသိဘူး)

ကိုဇင်ကိုလတ်ကို ကိုညီညီတက်ပြီးသွားပြီဆိုတာ ခုမှသိရတယ်ဗျာ။ ဆောဒီးနော်။ အဲဒီတော့ ကိုစေတန်ကြီး ကိုပဲ တက်တော့မယ်။ နော။

နောက်ထပ် စင်ကာပူက သတင်းထက်နယ်တစ်ခွင် ကျော်ကြားနေတဲ့ လင်းလက်ကြယ်စင် (ညီမရေ၊ ဘာတဲ့တုန်း)

အားလုံးလည်း သိပြီးဖြစ်ချင်ဖြစ်နေမှာပါ။ 10 weird things about me ဆိုတဲ့ Tag ဂိမ်းအကြောင်း။ ကိုယ်ရေးပြီးရင်လည်း နောက်ထပ် ဘလော့ဂါ ၃ ယောက်ကို ချောက်ချဖို့ မမေ့ပါနဲ့နော်။ မမေ့ဘူးမို့လား။ တက်ပြီးသားသူကို ပြန်မတက်ရတဲ့နော်။ ဟိုဟိုဒီဒီမတွေးလေနဲ့နော်။

No comments: