Saturday, April 28, 2007

10 Weird Things About Me


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ ကလိုစေးထူးဖြစ်ပါတယ်။

မရောက်တာကြာတဲ့ ဘလော့ဂ်တွေကို တနေ့က ဟိုဟိုဒီဒီ လိုက်ဖတ်တော့ ဘလော့ဂ်ညီအကို မောင်နှမတွေရဲ့ ပျော်စရာ အစီအစဉ်တခုကို ဖတ်လိုက်ရပါတယ်။

ကိုယ်နဲ့ ပတ်သက်တဲ့ ထူးဆန်းသော၊ တနည်းအားဖြင့် ဂွတီးဂွကျနိုင်သော အချက်(၁၀)ချက်ကို ဖော်ပြပါတဲ့..။ တကယ်တော့ ဒါက ကိုယ့်ငယ်ကျိုး ငယ်နာဖော်တဲ့ ကစားနည်းတမျိုးပေကိုး.။ :D ကျနော့်ကိုလည်း ငယ်ကျိုးငယ်နာတွေ ဖော်ခိုင်းထားကြလေရဲ့။

ကဲ..။ မကြီးမငယ်နဲ့ ကလေးတွေကြားထဲ ၀င်ပေါတယ် ဆိုချင်ဆို..။ စိတ်ရှုပ်ထွေးနေတာတွေ အခိုက်အတန့်အဖြစ်ဖြစ် ပြေပျောက်အောင် ဒီကစားနည်းမှာ ပျော်ပျော်ကြီး ၀င်ပေါ (အဲလေ) ၀င်ကစားကြည့်တာပေါ့..။ ကျနော့်ရဲ့ ထူးခြားသော သို့မဟုတ် ဂွကျကျနိုင်သော အချက်တွေကတော့..

(၁) အိမ်သာတက်လျှင် စာအုပ်ကို စိမ်ပြေနပြေဖတ်တတ်ခြင်း။ (မယုံမရှိနဲ့ တကယ်အရသာ ရှိတာဗျ။ ကျနော် ရေးဖူးတဲ့တချို့စာတွေက အိမ်သာတက်ရင်း စာဖတ်ရာကနေ စိတ်ကူးရတယ်။ :D)

(၂) ဘီယာမူးလာလျှင် ကာရာအိုကေ အလွန်ဆိုချင်ခြင်း။ (မြန်မာပြည်မှာတုန်းက မိုက်ခဲဗျ :D)

(၃) မသိမသာကြွားရသည်ကို ၀ါသနာထုံခြင်း။ (ခပ်ရှက်ရှက်နဲ့ ၀န်ခံတာ။ :P)

(၄) သီချင်းမဖွင့်ပေးသော လက်ဖက်ရည်ဆိုင်များကို မုန်းတီးခြင်း။ (ရေလည်အမြင်ကပ်တယ်ဗျာ၊ ၀မ်းတီးတူးရှယ်နဲ့ စားပွဲထိုးတွေနဲ့ အော်ဟစ်ဆူညံနေပြီး သီချင်းလေးမှ မဖွင့်ထားရင်..)

(၅) စိတ်တိုလွယ် စိတ်ပြေလွယ်ခြင်း။ (စိတ်အရမ်းတိုရင် ကွင်းပြင်ကျယ်ကြီးထဲမှာ အားရပါးရအော်တတ်တယ်၊ ဒီမှာတော့ မအော်ရဲတော့ဘူး။ ရဲက အရူးမှတ်ပြီးမှာကြောက်လို့.. :D)

(၆) စကားပြောလျှင် လေသံကျယ်လောင်ကျယ်လောင်ဖြင့် အားရပါးရပြောလေ့ ရှိခြင်း။ (ဘယ်လိုမှကို ထိန်းလို့မရတာ၊ မူးလာရင် ပိုဆိုးတယ်။ :D)

(၇) မတ်တပ်ရပ် ဓာတ်ပုံအရိုက်ခံလျှင် ခြေထောက်ကားယား အမြဲဖြစ်လေ့ရှိခြင်း။ :D

(၈) ရည်းစားစာ အငှားရေးပေးရာတွင် ပြောင်မြောက်ခြင်း။ (အငှားနော်.. ဟဲဟဲ.. :D)

(၉) အိပ်ရာစောစောဝင်ရ၊ စောစောထရ ပျင်းခြင်း။ (အခုတော့ မရတော့ဘူး။ အလုပ်ရှိတဲ့ နေ့ဆိုရင် အတင်းအိပ်နေရတယ် :(.. )

(၁၀) ကိုယ်က လုပ်မည်ဟု ရည်စူးပြီးသော အလုပ်တခုကို ကိုယ်သိပ်ကြည့်မရသောသူက `ဒါလေးလုပ်လိုက် ပါလား´ ဟုပြောလိုက်လျှင် မလုပ်တော့ခြင်း။ (စိတ်ပုပ်တာ နေမယ်.. :D)

ကဲ.. ကျနော်ကလည်း လူသုံးယောက်ကို ဒုက္ခပေး၊ အဲ.. tag လိုက်ပါအုံးမယ်။

(၁) မမေဓာဝီ (အမရေ.. ဟဲဟဲ…)

(၂) ကျော်ဇေယျ (ခ) ၀ိုင် (မှတ်ထားကွ.. အခုမှ အခွင့်သင့်တုန်း ချောက်တွန်းတာ။)

(၃) ညလေး (ဘယ်သူ tag ထားပြီးပြီလဲတော့ မသိ၊ သူ့ကိုလဲ ချောက်တွန်းချင်နေတာ ကြာပြီ။)

ရယ်မောခြင်းဖြင့် ပျော်ရွှင်နိုင်ကြပါစေ။ ပျော်ပျော်ပါးပါးပေါ့..။

ကလိုစေးထူး

No comments: